ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက နိုင်ငံခြားသား စက်ရုံမှူးနဲ့ စကားပြန်ကို အမည်မသိအဖွဲ့က ခေါ်ဆောင်သွား

ဇန်နဝါရီ ၊ ၂၆ -၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာ ၊ မုံရွာ – ပခုက္ကူ ကားလမ်းနားက ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံကို ဒီကနေ့ မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပြီး တရုတ်နိုင်ငံသား စက်ရုံမှူး အမျိုးသမီး ၁ ဦး အပါအဝင် လူ ၂ ဦး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အထည်ချုပ်လုပ်သား အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက်ပိုင်းက ဖြစ်တာပါ ၊ တရုတ်နိုင်ငံသား စက်ရုံမှူး အမျိုးသမီးတယောက်နဲ့ သူ့ရဲ့ စကားပြန် ကိုမျိုးဇင်ဝင်းတို့ကို ဖမ်းခေါ်သွားတယ် ၊ စက်ရုံကိုတော့ ဒီမနက် ၉ နာရီလောက်မှာ ပိတ်လိုက်ပြီး လုပ်သားတွေအားလုံး ပြန်ကြတယ် ” လို့ အဲ့ဒီ စက်ရုံလုပ်သား တယောက်က ပြောပါတယ်။

အဲ့ဒီ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံးနဲ့ နီးစပ်သူ တယောက်က ” စက်ရုံအမျိုးအစားက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကုမ္မဏီပိုင် ဖြစ်တယ် ၊ စက်ရုံမှူး တရုတ်နိုင်ငံသား အမျိုးသမီးနဲ့ စကားပြန် မြန်မာ အမျိုးသား တယောက်ကို ဖမ်းဆီးသွားပြီး ၊ ဒီနေ့လယ်ခင်း ကြားရတာက ဖမ်းဆီးခေါ်သွားတဲ့ လူ ၂ ယောက်ကို တယောက် သိန်း ၁ သောင်းနူန်းနဲ့ ပြန်လာရွေးဖို့ ဆက်သွယ်လာတယ်လို့ ကြားရတယ် ၊ ပခုက္ကူနယ်မှာက အဲ့ဒီလို လူပြန်ပေးဆွဲပြီး ပိုက်ဆံတောင်းခံရတဲ့ ဖြစ်စဥ် အများအပြားရှိတယ် ၊ အဲ့ဒီထဲက တချို့လည်း အခုထိ ပြန်လွတ်မလာဘဲ၊ တချို့တော့ အသတ်ခံရတယ် “လို့ ပြောပါတယ်။

အခုလို ခေါ်ဆောင်သွားပြီး ငွေ သိန်းတသောင်းနဲ့ လာရွေးခိုင်းတယ်ဆိုတာဟာ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံနဲ့ နီးစပ်သူ တယောက်ရဲ့ ပြောပြချက်အရ သိရတာဖြစ်ပြီး VOMအနေနဲ့ အတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ဝန်းကျင်က အခု လူပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ပန်းတိုင်းခြုံ အထည်ချုပ် စက်ရုံက လုပ်သား လစာငွေ ထုတ်ပြန်လာတဲ့ စက်ရုံဘဏ်ကား လုယူခံရပြီး ပိုက်ဆံနဲ့ ကား ၁ စီး အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ပခုက္ကူမြို့ပေါ်က ကုန်သည်ပွဲစား တချို့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ၊ မြို့ခံ ကုန်သည်ပွဲစား တယောက်က ” ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၅ ရက်နေ့က ပခုက္ကူ အမှတ် ၉ ရပ်ကွက်နဲ့ ၁၀ ကြားက ဆီစက်နဲ့ ပွဲရုံလုပ်ငန်းရှင် တယောက် ပျောက်ဆုံးနေတယ် ၊ အဲ့ဒီလို မဖြစ်ခင် လပိုင်းအလိုက သူ့ဆီကို ဖုန်း SMS တွေပို့ပြီး အကြိမ်ကြိမ် ခြိမ်းခြောက်ခံရတယ် ၊ စာတွေပို့ပြီး ပိိုက်ဆံတောင်းတယ် ၊ အဲ့ဒါကြောင့် သူတို့မိသားစုဟာ အိမ်မှာ မနေရဲတော့ဘဲ ၊ အိမ်ပေါက်ပိတ်ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ သွားပုန်နေတယ် ၊ အဲ့ဒီကနေ ပျောက်သွားတာ ၊ မျက်မြင်တချို့က ပြောတာက ရဲဝတ်စုံနဲ့ သူ့ကိုလာဖမ်းသွားတယ် ၊ ရဲက အတုလား ၊ အစစ်လားဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ပခုက္ကူနယ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်ထွန်းဆိုသူ လားရှိုးကနေ ပခုက္ကူနေအိမ်ကို ပြန်လာတဲ့ လမ်းမှာ အဖမ်းခံရတယ်ပြီး သိန်း တစ်ထောင်နဲ့ ပြန်ရွေးရမယ်ဆိုတာကြောင့် သူ့မိသားစုက သွားပြန်ရွေးတဲ့အချိန် ဦးအောင်ထွန်း ဆိုသူ အသတ်ခံထားရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

နောက်ပြီး ပခုက္ကူမြို့ပေါ်က လက်ဖက်နဲ့ အကြော်စုံရောင်းတဲ့ လုပ်ငန်းရှင် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံခဲ့ရ သူ့ကိုတော့ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW