မန်းရွှေစက်တော် ဘုရားပွဲတော်ကို လုံခြုံရေးစခန်း မြောက်များစွာ ချထားပြီး ကျင်းပလျက်ရှိ

 

ဇန်နဝါရီ ၂၆ – ၂၀၂၃
SN (VOM)

မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို လုံခြုံရေးစခန်း မြောက်များစွာ ချထားပြီး ကျင်းပလျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းဘူးမြို့ရဲ့အထင်ကရ ဘုရားဖူးနဲ့အလည်အပတ်နေရာဖြစ်တဲ့ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့အထိ ၃ လကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

“အရင်နှစ်‌တွေကတော့ ဒီပွဲတော်ကို အကျဉ်းရုံးပေမယ့် ဒီနှစ်ကတော့ စည်စည်းကားကား ဖွင့်လှစ်ပြီးပါပြီ။ ဒီနှစ်ကတော့ ဒေသခံ ဈေးသည်လေး‌တွေလည်း ဈေးရောင်းရမယ့်ပုံ မြင်ပါတယ်ဗျ။ ဘုရားဖူးတွေလည်း လက်ရှိမှာ လာသင့်သလောက် လာပါတယ်။ လုံခြုံရေးအနေအထားကတော့ တိုင်းအစိုးရ၊ လဝကတိုင်းမှူးရဲ့ ညွှန်ကြားချက်အရ ပွဲခင်းထဲမှာ လုံခြုံရေးစခန်းမြောက်များစွာ ချထားပေးပါတယ်။ အဝင်၊ အထွက်ဂိတ်တွေမှာရော ပွဲခင်းထဲမှာရော လုံခြုံရေးကို အားလုံးချထားပေးပါတယ်“လို့ ဒေသခံတဦးက ပြောပါတယ်။

အခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်အတွင်း တည်းခိုဖို့အတွက် ဝါးတဲအိမ် ၁၀၀၀ ၊ ဆိုင်ခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ထားပြီး ဘုရားပွဲတော်လာ ဧည့်သည်တွေ တည်းခိုနိုင်မယ့် အခန်းခကိုတော့ တရက်ကို အထူးခန်း (VIP) တည်းခိုဆောင် (ရေချိုးခန်းနဲ့ အိမ်သာအပါ) ရေစပ် (ကမ်းစပ်) တခန်းကို ၅ သောင်းကျပ်၊ ၄ သောင်းကျပ်နဲ့ ၃ သောင်းကျပ်နှုန်း၊ ရိုးရိုးတည်းခိုဆောင် ရေစပ် (ကမ်းစပ်) တခန်းကို ၃ သောင်းကျပ်နှုန်းနဲ့ ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်) တခန်းကို ၂ သောင်းကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“တည်းခိုခန်းတော့ စည်းမျဉ်းစည်းကမ်းအရ အလုံးပေါင်း တထောင် ဆောက်ထားပါတယ်။ ဘုရားဖူးပြည်သူတွေလည်း သက်သာတဲ့နှုန်းထားနဲ့ တည်းခိုနိုင်အောင် စီစဉ်ထားပါတယ်။ ပြီးတော့ ဂေါပကစီမံချက်အရ လမ်းတွေကိုလည်း ပြုပြင်ထားပါတယ်။ လုံခြုံရေးပိုင်းအရလည်း လမ်းတွေမှာ တောက်လျှောက် ရဲတပ်ဖွဲ့တွေချထားပါတယ်“လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရေဝင်ရောက်မှုနည်းပါးနေတဲ့ မန်းချောင်းအတွင်း မန်းချောင်းတမံဆည်ရေကို ဇန်နဝါရီ ၂၄ ရက်နေ့ကစတင် လွှတ်ပေးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဘုရားဖူးတွေ သွားလာရေးအဆင်ပြေစေဖို့အတွက်လည်း အရင် အထူးတံတား (ဘေလီသစ်သားတံတား) နေရာမှာ ဘေလီသံပေါင်တံတားသစ်ကို ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။

ဘုရားဖူးကာလမှာ မင်းဘူး-ရွှေစက်တော် သီးသန့်ယာဉ်လိုင်းတွေကိုလည်း ပြေးဆွဲပေးထားပြီး အထက်စက်တော်ရာနဲ့ အောက်စက်တော်ရာကို ပြေးဆွဲပေးမယ့် ယာဉ်လိုင်းတွေလည်း ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်စီးခနှုန်းထားကိုတော့ တယောက်ကို ကျပ် ၆၀၀၀ နဲ့ တောင်ပေါ် အတက်အဆင်းခရီးစဉ်အတွက် ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ်ရဲ့ ဘုရားပွဲတော်အတွင်း ရွှေစက်တော် ဆင်စခန်း ၄ နှစ်ပြည့် ပွဲတော်ကိုပါ တပါတည်း ပြုလုပ်နေပြီး အရင်နှစ်တွေနဲ့မတူဘဲ ရွှေစက်တော်မန်းချောင်းအတွင်း အပျော်စီးလှေ စီးနင်းနိုင်မယ့် အစီအစဥ်တွေကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

“ဒီဘုရားပွဲတော်ဆိုတာ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့ကို ဖွင့်တဲ့အချိန်မှာ နယ်လှည့် ဈေးသည်တွေလည်းရှိတယ်၊ ဒေသခံ ဈေးသည်တွေလည်းရှိတယ်။ ဒီဘုရားကြီးကို အားကိုးပြီးလုပ်စားနေတဲ့ပြည်သူတွေ အများကြီးပါ။ အဲ့ဒီတော့ အခုလို ပွဲတော်လေး ဖြစ်လာတယ်ဆိုတော့ ဒီဘုရားကြီးမှာလာပြီး စီးပွားရှာလို့ရတော့ စားဝတ်နေရေးအခက်အခဲတွေ နည်းနည်းပါးပါး ပြေလည်သွားတာပေါ့။ ဘုရားပွဲတော် မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ မိုးတွင်းကာလမှာ အခက်အခဲတွေဖြစ်တာပေါ့“ လို့ သူက ပြောပါတယ်။

နိုင်ငံရေးအခြေအနေ မကောင်းပေမယ့် ဒီပွဲတော်ကို အနယ်နယ်အရပ်ရပ်က စျေးသည်တွေ မှီခိုစားသောက်နေရတာဖြစ်လို့ ဘုရားပွဲတော် ကျင်းပပေးတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

ရန်ကုန်မြို့က ပြည်သူတဦးကတော့ “ဒီအချိန်မှာက တိုင်းရေးပြည်ရေးအခြေအနေ မကောင်းသေးတော့ ဘယ်မှ မသွားတာ အကောင်းဆုံးပဲ။ ကိုယ့်အိမ်ထဲနေတာတောင် မလုံခြုံတဲ့ခေတ် ဆိုတော့ မသွားရဲဘူး။ လမ်းခရီးအခြေအနေလည်း စိတ်ချရသေးတာမဟုတ်ဘူးလေ။ ကျိုက်ထီးရိုးလိုဖြစ်နေမှဒုက္ခ“လို့ ပြောပါတယ်။

အဲ့ဒီ့ ဘုရားပွဲတော်ကို ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပွဲတော်ကျင်းပနေချိန်အတွင်း ပိတ်သိမ်းခဲ့ရတာဖြစ်ပြီး အရင်နှစ်တွေကလည်း နစကအနေနဲ့ ပွဲတော်ကျင်းပဖို့ စီစဥ်ခဲ့ပေမယ့် ကိုဗစ်ရောဂါအခြေအနေကြောင့် မကျင်းပဖြစ်ခဲ့ဘဲ အခုနှစ်မှာတော့ ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာနဲ့ ပြန်လည် ဖွင့်လှစ်ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီဘုရားပွဲရဲ့အခြေအနေ၊ လုံခြုံရေးပိုင်း စီစဉ်ထားမှုနဲ့ ပတ်သက်လို့ VOM အနေနဲ့ ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ” အထက်က တာဝန်ရှိသူတွေရဲ့ကန့်သတ်ချက်အရ ဖုန်းနဲ့ဆက်သွယ်မေးမြန်းချက်တွေကို ဖြေဆိုလို့မရဘဲ လူကိုယ်တိုင် လာရောက်မေးမြန်းစေလိုပြီး အဲ့ဒီလို လူကိုယ်တိုင် လာရောက်မေးမြန်းတဲ့အခါမှာလည်း ဖြေသင့်မှ ဖြေခွင့်ရှိတယ်”လို့ ဂေါပကအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ မကွေးတိုင်းရဲ့ အစည်ကားဆုံးနဲ့ ရက်အရှည်ကြာဆုံး ပွဲတော်တခုဖြစ်ပြီး နှစ်စဥ် တပို့တွဲလဆန်း ၅ ရက်ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပိတ်ပွဲကျင်းပပြီး အထက်စက်တော်ရာနဲ့ အောက်စက်တော်ရာတို့ကို ပြန်လည်ပိတ်ထားလေ့ရှိကာ အောက်စက်တော်ရာကို အလင်းပေါက် ဖန်အုပ်ဆောင်းနဲ့ ပိတ်ထားတာကြောင့် ဆယ့်နှစ်လရာသီ မြင်တွေ့ဖူးမြှော်နိုင်လို့ ပွဲတော်ချိန်ပြင်ပမှာလည်း ဘုရားဖူးတွေ လာရောက်လေ့ရှိတယ်လို့ သိရပါတယ်။

Photo-THtun
#voiceofmyanmar #VOM #မန်းရွှေစက်တော်ဘုရားပွဲ #လုံခြုံရေးစခန်းများစွာနဲ့ကျင်းပ

Related posts

Leave a Comment

VOM News

FREE
VIEW