ဟေတီမှာ ရဲတွေသတ်ဖြတ်ခံနေရတာကြောင့် အစိုးရကို ရဲတွေက ဆန္ဒပြနေ

ပို့အော့ပရင့်စ်၊ ဇန်နဝါရီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ဟေတီမှာ ရာဇ၀တ်ဂိုဏ်းတွေက လုပ်ဖော်ကိုင်ဖက်ရဲတပ်ဖွဲ့၀င် တဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး မြို့တော်ပို့အော့ပရင့်စ်မှာ ရဲတပ်ဖွဲ့၀င်တွေက ဆူပူအုံကြွ ဆန္ဒပြမှုတွေ ဇန်နဝါရီ ၂၆ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟေတီအစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း မကြေမနပ်ဖြစ်နေတဲ့ ရဲတပ်ဖွဲ့၀င်တွေက ပြစ်တင်ပြောဆိုနေပါတယ်။

ဆန္ဒပြသူ ၁၀၀ ကျော်ဟာ လမ်းတွေကို ပိတ်ဆို့၊ တာယာတွေကို မီးရှို့ကာ လုံခြုံရေးကင်မရာတွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့၀င်အချို့ဟာ ၀န်ကြီးချုပ်ရဲ့ နေအိမ်တံခါးတွေကို ဖြတ်ကျော်၀င်ရောက်ကာ ဟေတီနိုင်ငံတကာလေဆိပ်ကိုလည်း ၀င်ရောက်ဖို့ ကြိုးပမ်းခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဟေတီမှာ ရဲစခန်းတွေကို ရာဇ၀တ်ဂိုဏ်းတွေရဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ယခုနှစ်အစောပိုင်းမစပြီး ရဲတပ်ဖွဲ့၀င် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဟေတီအမျိုးသားရဲတပ်ဖွဲ့ တာ၀န်ရှိသူတွေကပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်ဂိုဏ်းတွေရဲ့ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့၀င်နှစ်ဦး သတ်ဖြတ်ခံရတဲ့ အပြင် နောက်ထပ်လေးဦးကို လမ်းပေါ်မှာ ကွပ်မျက်တဲ့ပုံစံမျိုးနဲ့ အသတ်ခံရပြီးနောက် လုပ်ဖော်ကိုင်ဖက်ရဲတွေနဲ့ အရပ်သားတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ပို့အော့ပရင့်စ်

Related posts

Leave a Comment

VOM News

FREE
VIEW