ကြာအင်းဆိပ်ကြီးက ဒါလီချောင်းကူးတံတား ထပ်ပြီးမိုင်းခွဲခံရလို့ ခရီးသွားလာမှု ပြတ်တောက်နေ

ဇန်နဝါရီ ၂၈ – ၂၀၂၃
SN (VOM)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒါလီချောင်းကူးတံတား ဒီနေ့ ဇန်နဝါရီလ၂၈ ရက်၊ မနက်၂ နာရီဝန်းကျင်မှာ ဒုတိယအကြိမ် မိုင်းခွဲခံခဲ့ရလို့ ခရီးသွားလာမှု ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်

အဲ့ဒီ့တံတားဟာ ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွကားလမ်း မိုင်တိုင်အမှတ် 9 KM နဲ့ 10 KM ကြားတွင်တည်ရှိပြီး သံဘောင်အရှည် ၁၈၈ ပေ၊ အကျယ် ၁၆ ပေ၊ အောက်ခံသံကူ ကွန်ကရစ်အမျိုးအစား တံတားဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၆ ရက်နေ့ကလည်း ပထမအကြိမ် မိုင်းခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

”ဒီတံတားကို တပ်ဘက်က အများဆုံးသုံးနေတဲ့ တံတားပါ။ ဒီနေ့မနက် ၂ နာရီကျော်အချိန်လောက်က ပေါက်ကွဲသံတွေကြားလိုက်ရတာ။ မိုင်း ၃ လုံး ပေါက်ကွဲခဲ့တယ်လို့လည်း သိရတယ်။ ပြီးခဲ့တဲ့ ၂၆ ရက်နေ့၊ မနက် ၈ နာရီလောက်ကလည်း တကြိမ် မိုင်းခွဲခံခဲ့ရသေးတယ်။ အဲ့ဒီတုန်းက တံတားကြမ်းခင်း ပေါက်ပြဲပြီးတော့ ကားကြီးတွေသွားလို့မရပေမယ့် ကားငယ်တွေနဲ့ ဆိုင်ကယ်တွေ သွားလာလို့ ရသေးတယ်။ အခုကတော့ လုံးဝကို ပျက်စီးသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဒါလီချောင်းကူးတံတား မိုင်းပေါက်ကွဲခဲ့မှုကြောင့် ရွှေလင်းကျေးရွာဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်း ပြိုကျသွားခဲ့ကာ ခရီးသွားလာမှု ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဒါလီချောင်းကူးတံတား မိုင်းခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒါလီတံတားကို ၁၉၉၀ ခုနှစ်နောက်ပိုင်းက မရိကလ၊ သံပုရာ၊ ရွှေလင်း၊ ကြာအင်းဆိပ်ကြီးသို့ ကုန်းလမ်းကြောင်းဖောက်လုပ်ခဲ့ရာမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်လည်မွန်းမံ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကြာအင်းဆိပ်ကြီး #ဒါလီချောင်းတံတားမိုင်းခွဲခံရ #ခရီးသွားလာမှုပြတ်တောက်

Related posts

Leave a Comment

VOM News

FREE
VIEW