ဂျေရုဆလင်ရှိ ဂျူးဘုရားကျောင်းတိုက်ခိုက်ခံရမှု အစ္စရေးနှင့်ပါလက်စတိုင်းကြား တင်းမာမှုမြင့်တက်နေ

ဂျေရုဆလင်၊ ဇန်နဝါရီ-၂၈ -၂၀၂၃
မျိုးဆက်(VOM)

အစ္စရေးနိုင်ငံ ဂျေရုဆလင်ရှိ ဂျူးဘုရားကျောင်းတခုမှာ ဇန်နဝါရီ ၂၇ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူခုနှစ်ဦးသေဆုံးသွားပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ နှစ်ပေါင်းများစွာအတွင်း ဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာတခုမှာ ဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံး ဖြစ်ရပ်ဖြစ်ပြီး ဂျေရုဆလင်မြို့ နီဗီယာကော့ဗ်ရပ်ကွက်မှာ ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေနတ်သမားဟာ အကြမ်းဖက်သမားတဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး သူ့ကိုပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အရှေ့ဂျေရုဆလင်မှ ပါလက်စတိုင်းအမျိုးသားတဦးဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က ချီးကျူးပြောဆိုထားသော်လည်း သူတို့ထဲက အဖွဲ့၀င်တဦးဦးလုပ်ဆောင်ခဲ့ခြင်းဟုတ်မဟုတ် ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျီနင်မြို့မှာ အစ္စရေးစစ်တပ်၏ စီးနှင်းမှုအတွင်း ပါလက်စတိုင်းကိုးဦး သေဆုံးပြီးနောက် တင်းမာမှုတွေမြင့်တက်ခဲ့ပြီး ဂါဇာရှိစစ်သွေးကြွတွေက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW