ဖလမ်း ပညာရေးမှူးရုံးအတွင်းကို အမည်မသိသူတွေဝင်လာပြီး လစာငွေ သိန်း ၈၀၀ ကျော်ယူဆောင်သွား

ဇန်နဝါရီ ၊ ၃၁ ၊ ၂၀၂၃
SP (VOM)

ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့ပေါ်မှာရှိတဲ့ မြို့နယ် ပညာရေးမှူးရုံးမှာ ဒီကနေ့ မနက်ပိုင်းက လစာငွေတွေကို အမည်မသိသူတွေက ရုံးထဲဝင်ပြီး ယူဆောင်သွားတယ်လို့ ဖလမ်းမြို့ခံတွေဆီက သိရပါတယ်။

” ဘဏ်ကနေ လစာငွေတွေထုတ်ပြီး ရုံးပြန်ရောက်ချိန် မနက် ၁၁ နာရီဝန်းကျင်မှာ သေနတ်အတိုတွေကိုင်ထားတဲ့ အမည်မသိ လူငယ် ၄ ယောက်က ရုံးထဲဝင်လာပြီး မြို့နယ်ပညာရေးမှူးကို သေနတ်နဲ့ထောက်ပြီး အခန်းထဲခေါ်သွားတယ် ၊အဲ့ဒီနောက် အိတ်နဲ့ ထည့်ထားတဲ့ ဝန်ထမ်းလစာငွေ သိန်း ၈၀၀ ကျော်ကို ယူသွားတယ်”လို့ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒါကြောင့် ဖလမ်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေဟာ ဒီကနေ့ လစာငွေ မထုတ်ရသေးဘူးလို့ သိရပါတယ်။

အဲ့ဒီ မြို့နယ် ပညာရေးမှူးရုံး ဓားပြတိုက်ခံရပြီးနောက် လုံခြုံရေးအဖွဲ့တွေ ရောက်ရှိလာပြီး စစ်ဆေးနေတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။

အဲ့ဒီ ဓားပြတိုက်မှုဖြစ်ပြီးနောက် ဖလမ်းမြို့နယ်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ အခု ညနေပိုင်းအထိဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ ဌာနဆိုင်ရာ ရုံးအဆောက်အဦတွေ မီးလောင်ပျက်စီးတာ ရှိခဲ့ပေမယ်ံ့ ၊ ရုံးဝန်ထမ်းတွေရဲ့ လစာငွေ အခုလို ယူဆောင်သွားခံရတာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖလမ်း #ပညာရေးမှူးရုံးလစာငွေ #လူတချို့ကယူဆောင်သွား

Related posts

Leave a Comment

VOM News

FREE
VIEW