ရန်ကုန်မှာ တစ်လအတွင်း ပစ်ခတ်မှုကြောင့် ၉ ဦးသေ၊ ၈ဦးဒဏ်ရာရ

ဇန်နဝါရီ ၃၁-၂၀၂၃
KK(VOM)

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ဇန်နဝါရီလအတွင်း ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် စစ်တပ်မှအရာရှိအချို့အပါအဝင် လူ(၉)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေဆီက သိရပါတယ်။

လှိုင်သာယာ၊ရွှေပြည်သာ၊ဒဂုံဆိပ်ကမ်း၊သာကေတ၊မရမ်းကုန်း၊လှိုင်၊တွံတေးနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၃၀ရက်နေ့အထိ ပစ်ခတ်မှုတွေဖြစ်လို့ သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက VOM ကိုပြောပါတယ်။

“ဒီလထဲမှာ ပစ်ခတ်ခံရတဲ့အထဲမှာ တပ်ဘက်က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေနဲ့ အငြိမ်းစားတွေ (၄)ဦးလောက်ပါတယ် ကျန်တာက အုပ်ချုပ်းရေးဘက်က ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်”လို့ ပြောပါတယ်။

သေဆုံးသူတွေမှာ ဗိုလ်မှုးတဦး၊အငြိမ်းစားဗိုလ်မှူးနှစ်ဦး၊အငြိမ်းစားဗိုလ်ကြီးတဦး၊အကျဥ်းဦးစီးဝန်ထမ်းဟောင်းတဦး၊အုပ်ချုပ်ရေးမှူးတဦး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး၊ရာအိမ်မှူးတဦးနဲ့အမျိုးသမီးတဦးတို့ဖြစ်ပြီး ပစ်ခတ်ခံရလို့ သေဆုံးခဲ့သူတွေရှိသလို ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ တွံတေးမြို့ခံတဦးက VOM ကိုပြောပါတယ်။

“တွံတေး လာကပုံမှာဆို ဓားပြတိုက်မိ သေနတ်နဲ့ပစ်သွားလို့ လင်မယားနှစ်ယောက်ဒဏ်ရာရသေးတယ် ရွှေတစ်ဆယ်သားနဲ့ ငွေသိန်းခြောက်ဆယ်ပါသွားတယ် “လို့ ပြောပါတယ်။

မနေ့ညပိုင်းကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သေနတ်နဲ့ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက VOM ကိုပြောပါတယ်။

ရွှေပြည်သာ၊တွံတေး၊သာကေတ၊ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ပစ်ခတ်မှုတွေကြောင့် အကျဥ်းဦးစီးဝန်ထမ်းဟောင်းနဲ့ဇနီး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး၊ရာအိမ်မှူးသုံးဦးနဲ့အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှု့(၉၁၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးချုပ်အုန်းသွင်အပါအဝင်(၂၃၅)ဦးသေဆုံးခဲ့ကာ (၃၆၁)ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

VOM လက်လှမ်းမီသမျှ စုဆောင်းရတဲ့ သတင်းအချက်အလက်များသာဖြစ်ပြီး ကျန်တဲ့ဖြစ်စဉ်တွေလည်း ရှိနေနိုင်ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တလအတွင်းပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW