ရန်ကုန်မှာ တစ်လအတွင်း အထောက်အထားမဲ့(၁၄၈)ဦး ဖမ်းဆီးခံရပြီး (၇၇)ဦး ထောင်(၂)နှစ်ချခံထားရ

ဇန်နဝါရီ ၃၁-၂၀၂၃
KK(VOM)

ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဒဂုံ၊သန်လျင်၊မရမ်းကုန်းနဲ့ ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီလအတွင်း အထောက်အထားမဲ့ (၁၄၈)ဦးဖမ်းဆီးခံရပြီး (၇၇)ဦးကို လဝကဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချထားတယ်လို့ ဖမ်းဆီးခံရတဲ့ မြို့နယ်တွေဆီက သိရပါတယ်။

မြောက်ဒဂုံမြို့နယ်၊ ၁၆ ရပ်ကွက်၊ တိုးကြောင်လေးဘူတာမှာ ဇန်နဝါရီ၂ ရက်နေ့ မနက်ပိုင်းက ရထားလက်မှတ်ဝယ်ဖို့စောင့်နေတဲ့ ပွဲစားနှစ်ဦးနဲ့ အထောက်အထားမဲ့ အမျိုးသား(၈)ဦး၊ အမျိုးသမီး တဦးဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။

“မြောက်ဒဂုံမှာ ဖမ်းမိတဲ့သူတွေကတော့ အမှုဖွင့်စစ်ဆေးနေတုန်းပဲ အခုလောက်ဆို အမှုက တရားရုံးတောင် ရောက်နေုပြီ”လို့ ​ပြောပါတယ်။

သံလျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီ ပေ ၃၀ လမ်းက နေအိမ်တစ်အိမ်မှာ ဇန်နဝါရီ ၂ ရက်က ရခိုင်ပြည်နယ်ဘက်က ရောက်လာတဲ့ အထောက်အထားမဲ့( ၇၇)ဦးကို ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။

“အဲ့ဒီ ၇၇ ဦးကို ဒီလထဲမှာပဲ လဝကဥပဒေပုဒ်မ ၆(၃)နဲ့ ထောင် ၂ နှစ်စီချလိုက်တယ် အိမ်ရှင်ကတော့ ထွက်ပြေးနေတယ် ဖမ်းမိမိဘူး”လို့ ပြောပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၆ ရက်က အထောက်အထားမဲ့ အမျိုးသား ၁၉ ယောက်နဲ့အမျိုးသမီး ၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာ တစ်လအတွင်း ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ (၁၄၈)ဦးထဲမှ (၇၇)ဦးကို လက်တလောမှာ လဝကဥပဒေပုဒ်မ ၆(၃)နဲ့ ထောင်ဒဏ် ၂ နှစ်စီချထားပြီး ကျန်တဲ့(၆၁)ဦးမှာ အမှုရင်ဆိုင်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အထောက်အထားမဲ့ နှစ်ထောင်ကျော်ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူတွေရှိသလို လဝကဥပဒေနဲ့ထောင်ကျခံနေရသူတွေလည်းရှိပါတယ်။

VOM လက်လှမ်းမီသမျှ စုဆောင်းရတဲ့ သတင်းအချက်အလက်များသာဖြစ်ပြီး ကျန်တဲ့ဖြစ်စဉ်များ ရှိနေနိုင်ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အထောက်အထားမဲ့ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW