ဗုဒ္ဓ၊ဓမ္မစာပေ များစွာရေးသားခဲ့တဲ့ စာရေးဆရာကြီး ဝဏ္ဏသီရိ ကွယ်လွန်

ဖေဖော်ဝါရီ ၃-၂၀၂၃
MM(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့က အသက် ၈၈ နှစ်အရွယ်ရှိ စာရေးဆရာကြီး ဝဏ္ဏသီရိ ဟာ မနေ့ ဖေဖော်ဝါရီ ၂ရက် နေ့လယ် ၁ နာရီခွဲလောက်က ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဆရာကြီးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

”ဆရာကြီးက မနေ့က နေ့လယ်လောက်မှာ ကွယ်လွန်တာပါ ၊ ဆရာကြီးက နေမကောင်းဖြစ်နေတာတောင် ထူးခြားတာက စာရေးချင်လို့ဆိုပြီး မကွယ်လွန်ခင်အချိန် ခဏလေးမှာ”ဝဏ္ဏသီရိ၊ အေးချမ်းကြပါစေ”လို့ ရေးခဲ့သေးတယ်၊ ဆရာကြီးရဲ့ နာရေးကို ဖေဖော်ဝါရီ ၃ရက် ဒီနေ့လယ် မွန်းတည့် ၁၂ နာရီမှာ ပြုလုပ်မှာ ဖြစ်တယ် ၊ ဆရာကြီး ဝဏ္ဏသီရိရဲ့ အမည်ရင်းက ဦးအောင်ခန့်ဖြစ်ပါ၊ ငယ်နာမည်က မောင်ရွှေဖဲပါ။”လို့ သူကပြောပါတယ်။

အဲ့ဒီ ဆရာကြီးဝဏ္ဏသီရိဖြစ်လာတဲ့ မောင်ရွှေဖဲကို အဖ ဦးကြိုင်+ အမိ ဒေါ်စိန်ရင်တို့က မုံရွာမြို့၊ ကြာပိုင်ရွာ၊ ကျီတွင်းရပ်မှာ ၁၂၉၇ ခုနှစ် နှောင်းတန်ခူး လဆန်း ၁ ရက်၊ တနင်္ဂနွေနေ့မှာ မွေးဖွားခဲ့တာလို့ မိသားစုတွေဆီကနေ သိရပါတယ်။

ဆရာကြီး ဝဏ္ဏသီရိဟာ ၁၉၅၄ ခုနှစ်မှာ မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်မှာ ရှင်ဣန္ဒောဘာသ ဘွဲ့အမည်နဲ့ စာလိုက်ခဲ့ရာ ပထမငယ်၊ ပထမလတ်၊ ပထမကြီးစာမေးပွဲများကို ပါဠိဘာသာနဲ့ ဖြေဆိုအောင်မြင်ခဲ့ကာ ရဟန်းသိက္ခာ ၅ဝါအရမှာတော့ ၁၉၆၁ ခုနှစ် စာချတန်းစာမေးပွဲကို ပါဠိ ဂုဏ်ထူး၊ မြန်မာဂုဏ်ထူးကျမ်းတွေနဲ့တကွ အောင်မြင်တဲ့အတွက် သာသနဓဇ သီရိပဝရ ဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကို ရရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဆရာကြီးဝဏ္ဏသီရိမဖြစ်ခင် “အဟိ”စာစောင်မှာ ဖုန်းဖုန်းကလောင်နဲ့ ဘုန်းကြီးကျောင်းဝန်းကျင်က ဟာသဝတ္ထုတိုတွေ စတင်ရေးသားခဲ့ပြီး ၁၉၆၈၊ ၁၉၆၉၊ ၁၉၇၀ ခုနှစ်တွေမှာ မြဝတီ၊ ငွေတာရီမဂ္ဂဇင်းတွေမှာ ဖုန်းဖုန်း ကလောင်နဲ့ပဲ ဘဝသရုပ်ဖော်ဝတ္ထုတွေကို ရေးသားခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၁၉၇၄ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဝိမုတ္တိသာသနာစာအုပ်ကစပြီး အရှင်ဝဏ္ဏသီရိ ကလောင်အမည်ကို ခံယူခဲ့ပြီး အဲ့ဒီနာမည်နဲ့ ဗုဒ္ဓ၏လောကကြေးမုံ၊ ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(၅တွဲ)(ယခု ၂တွဲပေါင်းချုပ်)နဲ့ မြတ်ဗုဒ္ဓ၏ သားတော်ရာဟုလာ စာအုပ်တွေကို ရေးသားခဲ့သေးတယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက် ၁၉၈၁ ခုမှာ သာသနာ့ဘောင်ကထွက်လာပြီး ဝဏ္ဏသီရိကလောင်အမည်နဲ့ ညီတော်နန္ဒနဲ့ ဇနပဒကလျာဏီ၊ ထေရီထေရာ ရဟန္တာပုဂ္ဂိုလ်ကြီးများ၊ လူ့ဘောင်လမ်းပြငါးရာ့ငါးဆယ်ဝတ္ထုများ စတဲ့စာအုပ်တွေကို ရေးသားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ဗုဒ္ဓစာပေရေးသားသူ #ဆရာကြီးဝဏ္ဏသီရိ #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW