မြန်မာကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေတရုတ်ဘက်အခြမ်းကို တိုက်ရိုက် မောင်းဝင်ခွင့်ပြု

ဖေဖော်ဝါရီ ၁၉-၂၀၂၃

Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ကနေ တရုတ်ဘက်ခြမ်း ဝမ်တိန်ဘက်အတွင်းက်ို မနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစ မြန်မာကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုက်ရိုက် မောင်းဝင်ခွင့်ပြုပြီဖြစ်တယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

“စာအုပ်တွေက လုပ်ပေးမှာတဲ့။ ဘယ်မြို့နယ်မဆို လုပ်လို့ရပြီ။ ဒါပေမယ့် သေချာညွှန်ကြားချက်တွေ မသိရသေးဘူး။ သေချာ မသိသေးဘူးဖြစ်နေတယ်။” လို့ နယ်စပ်ပို့ကုန်လုပ်ငန်းရှင် တဦးက ပြောပါတယ်။

တရုတ်ဘက် ရွှေလီမြို့ နိုင်ငံခြားရေးရုံးကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုအတွက် အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေချောမွေ့စေရန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစပြီး တရုတ်၊မြန်မာ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ အနေနဲ့ ကုန်တင်ယာဉ် တစ်စီးလျှင် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် စသဖြင့် ၂ ဦးစီကို သက်ဆိုင်ရာ တရုတ်အကောက်ခွန်နဲ့ နယ်စပ် စစ်ဆေးရေး လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြန်လည်စတင်မှာဖြစ်ပြီး ဝမ်တိန်၊ မန်မန်းလမ်းကြောင်း ကနေ တရုတ်ဘက် ဝင်၊ ထွက်ခွင့် ပြုပြီဖြစ်ကြောင်း အသိပေးစာ ထုတ်ထားတယ်လို့ သိရပါတယ်။

“ဝင်တော့ ဝင်တာ တရားဝင် မထုတ်ပြန်ဘူးလေ။ ဝင်တော့ ဝင်တယ်လေ။ ကျနော်တို့က တရားဝင် မထုတ်ပြန်ဘူး။ (ကားသမားတွေတော့ ဝင်လို့ရတယ်။ စာအုပ်)လိုတာပေါ့။ အသေးစိတ်တော့ ကျနော်လည်း မသိဘူး အဲဒီဥစ္စာနော်။ ကုန်သွယ်ရေးနဲ့ ပတ်သက်တယ် ဆိုတော့လေ။ ကျနော်တို့ဘက်က သိပ်ပြီး လောလောဆယ်ကွာ အဝင်အထွက်တောင် ဖြစ်နိုင်ရင် သိပ်လက်မခံချင်ဘူး။ ရောဂါကူးမှာ စိုးလို့လေ။”လို့ မူဆယ်ခရိုင် ပြန်/ဆက် ဦးစီးမှူး ဦးအယ်စိုးထန်တူးက VOM ကိုပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း တရုတ်နိုင်ငံမှာ ကိုဗစ် သုည (Zero) စနစ် ပယ်ဖျက်လိုက်ကြောင်း ကြေညာလိုက်ကတည်းက တရုတ်နိုင်ငံဘက်ကတော့ မြန်မာဘက်က သဘောတူတူ၊ မတူတူ သူတို့နဲ့ ထိစပ်နေတဲ့ နယ်စပ် ဂိတ်ပေါက်အများအပြားကနေ ကြံ၊ မီးသွေးတွေ အပါအဝင် ကုန်ပစ္စည်းအချို့ကို ဝယ်ယူနေတာဖြစ်ပါတယ်။ 

နောက်ထပ်ကုန်သည် တစ်ဦးကတော့ “ဂျူတီစာရွက်တွေနဲ့ သွားရောက်ပြီး နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် အနီ ပြုလုပ်လို့ ရတယ်လို့ ကြားသိထားတယ် “လို့ ပြောပါတယ်။ 

မူဆယ် ကျင်စန်းကျော့၊ လွယ်အင် – မန်မန်း၊ ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာ လမ်းကြောင်းမှ မြန်မာကုန်ကားနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ ဝင်ထွက်ခြင်းကို ကိုဗစ်ကာလကြောင့် နှစ်နဲ့ချီကြာ တရုတ်ဘက် ဝင်ခွင့် ပိတ်ခဲ့ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းမှ မြန်မာကုန်ကားတွေကို တရုတ်ဘက်ခြမ်း ဝမ်တိန်အထဲ ပြန်ဝင်ခွင့်ပြုခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ တရုတ်ဘက်ခြမ်း ဝမ်တိန်ဘက်အထဲ မြန်မာယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုက်ရိုက် ပြန်လည်မောင်းဝင်ခွင့်ပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – ကုန်သည် ၁ ဦး

#voiceofmyanmar #VOM #၁၀၅မိုင်ကုန်သွယ်ရေးဇုန် #နယ်စပ်ကုန်သွယ်ရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW