ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းမှ ကိုဗစ်-၁၉ ကျန်းမာရေးအာမခံ ပါရှိဖို့လိုအပ် 

ဖေဖော်ဝါရီ ၂၀ – ၂၀၂၃

SN (VOM)

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမယ့် ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ ဝယ်ယူထားကြောင်း အထောက်အထားပါရှိဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် နိုင်ငံခြားသားသံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက နိုင်ငံခြားသားဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ၊ မြန်မာနိုင်ငံအတွင်း ဝင်ထွက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံ (ဒါမှမဟုတ်) နိုင်ငံတကာအသိအမှတ်ပြု အာမခံလုပ်ငန်းဆီက ကိုဗစ် – ၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ အပါအဝင် အာမခံဝယ်ယူထားကြောင်း အထောက်အထားတင်ပြနိုင်ရင် မြန်မာ့အာမခံလုပ်ငန်းဆီက ကျန်းမာရေးအာမခံဝယ်ယူခြင်းကို ကင်းလွတ်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးအသစ် (Covid-19 Omicron XBB Variant Coronavirus) ထွက်ပေါ်နေတဲ့အတွက် အခုလို အသိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံဝယ်ယူခြင်းနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မြန်မာ့အာမခံလုပ်ငန်းရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Myanma Insurance (mminsurance,gov. mm) မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်“လို့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေအနက် တမျိုးမျိုးကို မြန်မာနိုင်ငံအတွင်း ဆိုက်ရောက်တဲ့ နေ့ရက်မတိုင်မီ လွန်ခဲ့တဲ့ ၁၄ ရက်ကျော်က အကြိမ်ပြည့် ထိုးနှံပြီးဖြစ်တဲ့ သက်သေခံလက်မှတ်တွေလည်း ပါရှိရမယ်လို့ သိရပါတယ်။

ကိုဗစ် – ၁၉ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံထားသူတွေအနေနဲ့ကတော့ မြန်မာနိုင်ငံသို့ ဆိုက်ရောက်တဲ့ အချိန်မတိုင်မီ အများဆုံး (၄၈) နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း RT-PCR နည်းနဲ့ စစ်ဆေးထုတ်ပေးထားတဲ့ ဓာတ်ခွဲအဖြေ ပါရှိရမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ခွဲအဖြေနဲ့ စစ်ဆေးတဲ့နေ့ရက်ကို မိမိရဲ့ နိုင်ငံကူးလက်မှတ်ပါ အချက်အလက်တွေနဲ့အတူ အင်္ဂလိပ်ဘာသာနဲ့ ရှင်းလင်းတိကျစွာ ဖော်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးသွားတွေအနေနဲ့ စာပိုဒ် ၁ မှာ ဖော်ပြထားတဲ့ စာရွက်စာတမ်း/ အထောက်အထား အသီးသီးရဲ့ မိတ္တူတစုံစီကို မြန်မာနိုင်ငံသို့ လာရောက်မယ့် လေယာဉ်ပေါ်ကို တက်ရောက်ဖို့ စာရင်းသွင်းစဉ်မှာတကြိမ် လေကြောင်းလိုင်း ဝန်ထမ်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်မှာတကြိမ် သက်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအရာရှိတွေကိုလည်းကောင်း ပြသရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ကျန်းမာရေးကြေညာချက် (Health Declaration Form)ကိုလည်း မြန်မာနိုင်ငံအတွင်း ဆိုက်ရောက်ချိန်မှာ သက်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအရာရှိတွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ခရီးတထောက်ရပ်နားဖို့ လိုအပ်တဲ့ နိုင်ငံခြား လေယာဉ်အမှုထမ်းတွေ အနေနဲ့ မိမိတို့ရဲ့ နောက်တကြိမ် လေယာဉ်ခရီးစဉ် မတိုင်မီအထိ သတ်မှတ်ထားတဲ့ ဟိုတယ်တွေမှာ သက်ဆိုင်ရာ ကျန်းမာရေးအစီအမံတွေနဲ့အညီ သီးခြားနေထိုင်ရမှာဖြစ်ပြီး ခရီးသွားတွေကိုတော့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက သတ်မှတ်ထားတဲ့ နေရာမှတဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်ပခရီးသွား #မြန်မာ့အာမခံ #ကိုဗစ်အာမခံပါဖို့လိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW