အမြန်လမ်း ဒို့ညီနောင် ကားမှောက်မှု သေဆုံး၃ဦးမှာ လက်ဝှေ့ချန်ပီယံ ရွှေဓူဝံ နဲ့စစ်တပ်ကအရာရှိတဦးလည်းပါဝင်

မတ် ၄ – ၂၀၂၃
GG(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၇ မှာ ဒီနေ့မတ်လ ၄ ရက်နေ့မနက် ၄ နာရီခွဲလောက်က ဒို့ညီနောင် Express ကားမှောက်မှုမှာ မြန်မာ့လက်ဝှေ့ချန်ပီယံ ရွှေဓူဝံ နဲ့ စစ်တပ်ကအရာရှိတဦးအပါ ၃ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သူဆီကသိရပါတယ်။

“ရွှေဓူဝံပါတယ် သူကလက်ပြတ်သွားတယ်၊ နောက်တယောက်က တပ်မတော်အရာရှိတဦးပါတယ်။၊နောက်တယောက်က ကားစပါယ်ယာသေတယ်။ နေပြည်တော်ပို့တဲ့သူတွေက မျက်နှာ၊ခြေထောက်ကျိုးတာ၊လက်ကျိုးတာပေါ့၊အကုန်လုံးဓာတ်မှန်ရိုက်ပြီးပို့တာ။လသားကလေးလည်းပါတယ်။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးကပြောပါတယ်။

သေဆုံးသွားတဲ့ တပ်အရာရှိဆိုသူဟာ ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကားပေါ်မှာ ၃၁ ယောက်ပါပြီး ထိခိုက်ဒဏ်ရာရရှိသူက အမျိုးသား ၁၅ ယောက်၊အမျိုးသမီး ၁၀ ယောက်နဲ့ သေဆုံးက ၃ ယောက်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေအထဲက စိုးရိမ်ရတဲ့ လသားအရွယ် ကလေးငယ်အပါအဝင် ၁၀ ယောက်ကိုတော့ နေပြည်တော်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဒဏ်ရာရရှိသူတွေထဲက နောက်ထပ် ၅ ယောက်ကလည်း သူတို့မြို့နယ်ဖြစ်တဲ့ မြဝတီဆေးရုံ၊ကော်ကရိတ်၊သထုံဆေးရုံကို ပြန်လည်ပြီးကုသခြင်ကြောင်း ပြောဆိုမှုကြောင့် ပို့ဆောင်ပေးဖို့လုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဆွာဆေးရုံမှာ လက်ဝှေ့ချန်ပီယံရွှေဓူဝံနဲ့ စပါယ်ယာရုပ်အလောင်းရှိနေပြီး စစ်တပ်အရာရှိရုပ်အလောင်းကတော့ သက်ဆိုင်ရာကိုပို့ပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဒို့ညီနောင်ကားဟာ တောင်ကြီးကနေ မြဝတီကိုပြေးဆွဲတာဖြစ်ပြီး မနေ့ မတ်လ ၃ရက် ညနေ၃နာရီကမှ တောင်ကြီးအေးသာယာကနေ မြဝတီကိုထွက်လာတဲ့ကားဖြစ်ကြောင်း၊ရန်ကုန်-မန္တလေးအမြန်လမ်း ၁၆၇ မိုင်တိုင် အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားတာတွေကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #ဒို့ညီနောင် #ကားမှောက်မှု #ရွှေဓူဝံနဲ့တပ်အရာရှိသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW