ခြိမ်းခြောက်စာတွေရလို့ Yangon Water Bus ​​ပြေးဆွဲမှု ယာယီရပ်နား

မတ် ၉ – ၂၀၂၃
SN (VOM)

ခြိမ်းခြောက်စာတွေရလို့ Yangon Water Bus ခရီးစဉ် ပြေးဆွဲမှုတွေကို ယာယီရပ်နားထားမယ်လို့ ဒီနေ့ မတ်လ ၉ ရက်မှာ အသိပေးချက်ထုတ်ပြန်လာပါတယ်။

“Yangon Water Bus ရုံးချုပ်နဲ့ CEO ရဲ့ကားတွေပေါ်မှာ မည်သူမည်ဝါဆီကမသိရတဲ့ ခြိမ်းခြောက်စာတွေ သုံးကြိမ်တိုင်တိုင် ရရှိထားတာကြောင့် ခရီးသည်တွေနဲ့ ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက် ခရီးစဉ် ပြေးဆွဲမှုတွေကို ခေတ္တ ရပ်နားထားမှာဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ လုပ်ဆောင်ပြီးရင်တော့ ပြန်လည် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်“ လို့ Yangon Water Bus ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။

လက်ရှိမှာ Yangon Water Bus အနေနဲ့ ၎င်းတို့နဲ့ပတ်သက်တဲ့ ကြေညာချက်တချို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိခြင်းနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ဂုဏ်သတင်းညိုးနွမ်းစေဖို့ ရည်ရွယ်ကာ လီဆယ် ကြေညာခြင်းသာဖြစ်ကြောင်းကို စမ်းချောင်းမြို့မရဲစခန်းမှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရှင်းလင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ရှင်းလင်းထားပေမယ့်လည်း အမည်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် သတင်းစာတွေမှာ အများသိစေရန်ကြေညာချက်တွေ ထပ်မံထည့်သွင်းခြင်း၊ အမှုဖွင့်ခြင်းတို့ကို ဥပဒေမဲ့စွာ လုပ်ဆောင်နေတဲ့အတွက် လက်ရှိမှာ ဒါနဲ့ပတ်သက်လို့ Yangon Water Bus အနေနဲ့ အရေးယူတိုင်ကြားမူတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ဖြစ်ပွားမှုကြောင့် Yangon Water Bus ပြေးဆွဲမှုတွေကို ၂ နှစ်ကျော်ကြာ ရပ်နားထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှာ ခရီးစဉ်ပြေးဆွဲမှုတွေကို ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့နောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ သတင်းစာတွေမှာ အပြန်အလှန် ကြေညာချက်တွေ ဖော်ပြလာသလို အမှုဖွင့်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #WaterBus #ယာယီရပ်နား

Related posts

Leave a Comment

VOM News

FREE
VIEW