ပုဏ္ဏားကျွန်းမှာ နေအိမ် ၃ လုံးမီးလောင်ပြီး ကျပ်သိန်း ၃၀၀ နီးပါးဆုံးရှုံး

မတ် ၉- ၂၀၂၃
SW (VOM)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင် စံပြရွာမှာ နေအိမ် (၃)လုံး မီးလောင်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၃၀၀ နီးပါးလောက်ဆုံးရှုံးခဲ့တယ်လို့ ကျေးရွာ ရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။

မီးလောင်မှုဟာ ဒီကနေ့ မနက် ၁၁ နာရီခန့်က ပိုးရွှီပြင်စံပြရွာ၊ ရွာမလမ်းရပ်ကွက်၊ ရွာရဲ့အနောက်ဘက် ချောင်းကမ်းစပ်က နေအိမ် (၃) လုံး မီးလောင်ဆုံးရှုံးသွားတာဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

ပိုးရွီပြင်စံပြရွာ ရပ်မိရပ်ဖဖြစ်တဲ့ ဆရာဦးကံထွန်းမောင်က ” အရက်မူးပြီးတော့ ကိုယ့်အိမ်ကို မီးရှို့တာလို့သိရတယ်။ ဘေးနားက အိမ်နှစ်ဆောင်ပါသွားတယ်။ အဲဒီအိမ်နှစ်ဆောင်မှာ တိုက်အိမ်တဆောင်ပါတယ်။ အဲဒီတိုက်အိမ်ကြောင့် ထိန်းနိုင်လိုက်တာ မဟုတ်ရင် လမ်းတောက်လျှောက်အိမ်တွေ ပါသွားနိုင်တယ်။ ” လို့ ပြောပါတယ်။

အရက်မူးပြီး မိမိအိမ်ကို မီးရှို့သူကတော့ ကိုနိုင်နိုင်ချေ အသက် (၂၇) နှစ်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့ စကားအချေအတင်ဖြစ်ရာကနေ အခုလို မီးရှို့တဲ့အထိ ဖြစ်သွားတာလို့ သိရပါတယ်။

မီးလောင်မှုကို ကျေးရွာသားတွေနဲ့ ရွာရဲ့အရပ်ဖက်လူမှုကူညီရေးအသင်းတို့ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် အချိန်တနာရီခန့်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိုးရွီပြင်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ အနောက်ဘက် တောဖျားချောင်းဒေသက အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး ရဲစခန်းရှိပေမယ့် မီးသတ်ဌာနမရှိတာကြောင့် မီးသတ်ဌာတခုလိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမီးသတ်ဌာနက တစုံတရာထုတ်ပြန်တာမတွေ့ရသေးသလို အဆက်အသွယ်ရဖို့ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မနေ့ မတ်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နယ်မှာ လယ်ကွင်းကို မီးရှို့ရာကနေ မြို့အရှေ့ဘက်ရှိ တောထဲကို မီးကူးစက်လောင်ကျွမ်းရာ ဒီကနေ့မနက်ပိုင်းမှ တောမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အခု မတ်လအတွင်း မီးလောင်မှုပေါင်း ၁၀ ကြိမ်နီးပါးထိရှိလာပြီး လူ တဦး ထိခိုက်ဒဏ်ရာရမှုလည်း ရှိခဲ့တာ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလအတွင်းကစလို့ မီးလောင်ကျွမ်းမှုတွေ တဖြည်းဖြည်ပိုများလာပြီး သံဃာတပါး၊ အမျိုးသားတဦးနဲ့ သက်ကြီးရွယ်အို အမျိုးသမီးတဦးတို့ သေဆုံးထားကာ တဦးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

မီးသတ်ဌာနအနေနဲ့ နွေရာသီရောက်လာပြီဖြစ်လို့ မီးသတိထားကြဖို့ လူမှုကွန်ရက်ကနေတဆင့်တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Photo – ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW