မကွေးနဲ့ စစ်ကိုင်းတိုင်းက ငွေကြေးဝန်ဆောင်မှုကုမ္မဏီဝန်ထမ်းတွေ ဖမ်းဆီး၊လုယက်ခံရပြီး ပျောက်ဆုံးမှုရှိနေ

 

မတ် ၊ ၉-၂၀၂၃
SP (VOM)

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဝိုင်းကြီးချုပ် စနစ်နဲ့ ငွေချေးပေးနေတဲ့ ကုမ္မဏီဝန်ထမ်းတွေဟာ ငွေချေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကျေးရွာတွေဆီ သွားလာတဲ့လမ်းမှာ ဖမ်းဆီး၊ လုယက်ခံရပြီး ပျောက်ဆုံးမှုတွေရှိနေတယ်လို့ ငွေစုငွေချေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ရက်ပိုင်း မတ် ၄ ရက်က မင်းဘူးမြို့နယ်ထဲမှာ ပက်(စ်)မြန်မာနဲ့ BG Microfinance ငွေချေးလုပ်ငန်း ကုမ္မဏီ ၂ ခုက အမျိုးသမီး ဝန်ထမ်း ၁ ယောက်နဲ့ အမျိုးသားဝန်ထမ်း ၃ ယောက်တို့ဟာ ငွေချေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကျေးရွာတွေဆီသွားတဲ့အခါ လမ်းမှာ ကုမ္မဏီပိုင်စာရွက်စာတန်းတွေ၊ လက်ကိုင်ဖုန်း ၄ လုံးနဲ့ ပိုက်ဆံ သိန်း ၅၀ ကျော် လုယူခံရတာ ဖြစ်ပွားခဲ့တယ်”လို့ မင်းဘူးမြို့နယ် အသေးစား ငွေစု ငွေချေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ငွေချေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး မင်းဘူးမြို့ခံ တယောက်က ” ရွာတွေမှာ အနည်းဆုံး အိမ်ထောင်စု ၅ စုကို ပေါင်းပြီး ၊ ၁ ဖွဲ့ ၊ ဖွဲ့ကာ ဝိုင်းကြီးချုပ်စနစ်နဲ့ ကုမ္မဏီတွေက ပိုက်ဆံချေးပေးတယ် ၊ အတိုးနူန်း သက်သာပြီး ချေးငှားရက်သက်တမ်း နှစ် ဝက်လောက်ကြာတယ် ၊ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ်ဆိုရင် အရင်းအနှီးရတယ် ၊ အဲ့ဒါကြောင့် အခုလို ကြပ်တည်းနေတဲ့ကာလမှာ ချေးသူရော ချေးယူသူပါ ၂ ဘက်အစဥ်ပြေတာကြောင့် ရွာတိုင်း ရပ်ကွက်တိုင်းမှာလိုလို ငွေချေးလုပ်ငန်းကုမ္မဏီတွေ အဆင်ပြေကြတယ် ၊ အဲ့ဒီလို ငွေချေး ငွေသိမ်းလုပ်ငန်း ကိစ္စအတွက်လာတဲ့ ကုမ္မဏီဝန်ထမ်းတွေ မကြာခဏ ဖမ်းဆီးလုယက်ခံရတာဖြစ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းဘူးမြို့နယ်မှာ ငွေချေး ကုမ္မဏီ ၂ ခုက ဝန်ထမ်းတွေ ဖမ်းဆီခံရတာနဲ့ ပတ်သက်လို့ ” အရင်းမပျောက် ချေးငွေစနစ်နဲ့ ချေးပေးတာဖြစ်တယ် ၊ အခြေခံလူတန်းစားတွေအတွက် အတိုးနူန်းသက်သာပြီး အရင်းမပျောက် ချေးငွေရတယ်ဆိုတော့ အဆင်ပြေကြတယ် ၊ အဲ့ဒီလို ပိုက်ဆံချေးငှားတာကို ထောက်တိုင်လုပ်ငန်း လုပ်ကိုင်တယ်ဆိုပြီး ဖမ်းဆီး လုယက်ခံရတာဖြစ်တယ်”လို့ BG Microfinance ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းနဲ့ နီးစပ်သူ တယောက် ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မကွေးတိုင်း ပခုက္ကူခရိုင် ၊ မြိုင် ၊ ပေါက် ၊ ရေစကြို စတဲ့မြို့နယ်တွေထဲက ရွာတွေမှာ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းက ကုမ္မဏီဝန်ထမ်း ၁၈ ယောက်ကျော်ဟာ ဖမ်းဆီး လုယက်ခံရပြီး လူတချို့ ဒီကနေ့အထိ ပျောက်ဆုံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်အတွင်းက စစ်ကိုင်းတိုင်း ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ရေဦးမြို့နယ် ၊ တန့်ဆည်မြို့နယ်နဲ့ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ၊ ဝက်လက်မြို့နယ်တွေမှာ ငွေကြေးဝန်ဆောင်မှု ကုမ္မဏီ ဝန်ထမ်းတွေ ဖမ်းဆီးလုယက်ခံရတဲ့ဖြစ်စဥ် ၂၈ ကြိမ်ထက်မနည်း ဖြစ်ပွားပြီး အဲ့ဒီအထဲက ကုမ္မဏီဝန်ထမ်း ၁၅ ယောက်ကျော်ဟာ ဒီကနေ့အထိ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #စစ်ကိုင်း #ချေးငွေကုမ္ပဏီဝန်ထမ်း #ဖမ်းဆီးလုယက်ပျောက်ဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW