ပြည်တွင်းရွှေဈေး ကျပ် ၂၉ သိန်းအထိ ပြန်မြင့်တက်လာ

မတ် ၁၇ – ၂၀၂၃
SN (VOM)

ကမ္ဘာ့ရွှေဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းရှိ ပြင်ပ ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၂၉ သိန်းအထိ စျေးမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ ဘဏ်ကြီးတခုဖြစ်တဲ့ Silicon Valley Bank ပြိုလဲခဲ့ပြီး နောက်ထပ် နှစ်ရက်အကြာမှာ Signature Bank ပါ ပြိုလဲခဲ့တဲ့နောက် ကမ္ဘာ့ရွှေဈေးတွေ မြင့်တက်နေခြင်းဖြစ်ကာ နောက်ဆက်တွဲအဖြစ် ပြည်တွင်း ရွှေဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက်က တအောင်စ ၁၈၂၈ ဒေါ်လာသာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ မတ် ၁၇ ရက်အရောက်မှာတော့ တအောင်စ ၁၉၂၇ ဒေါ်လာအထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေစျေးမှာတော့ ပြင်ပ ဈေးကွက်အတွင်း မတ်လ ၁၀ ရက်က အခေါက်ရွှေ တကျပ်သား ၂,၈၄၀,၀၀၀ ကျပ်သာ ရှိခဲ့ပေမယ့် မတ်လ ၁၇ ရက်တွင်တော့ ၂,၉၀၀,၀၀၀ အထိ ဖြစ်ပေါ်နေပြီး တပတ်အတွင်း ကျပ် ၆၀,၀၀၀ မြင့်တက်လာတာ ဖြစ်ပါတယ်။

“အမေရိကန် ဘဏ်ကြီးနှစ်ခု ပြိုလဲခြင်းရဲ့ နောက်ဆက်တွဲပါ။ ပြည်တွင်း ရွှေစျေးကွက်ကိုလည်း ရိုက်ခတ်လာတဲ့ သဘောပေါ့။ ဒါပေမယ့် အရင်ကလည်း ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးလည်း လိုက်တက်ပါတယ်။ ဒါက ဖြစ်နေကျပါ။ လက်ရှိမှာ ဈေးကွက်ကတော့ အရောင်းအဝယ် အေးနေတယ်။ လာမယ့် ဧပြီလလောက်ကျမှ အရောင်းအဝယ် ပြန်ဖြစ်မယ်ထင်တယ်”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းစျေးမှာလည်း မတ်လ ၁၀ ရက်က အခေါက်ရွှေ တကျပ်သား ၂,၁၅၉,၅၀၀ ကျပ်သာ ရှိခဲ့ပေမယ့် မတ် ၁၇ ရက်တွင်တော့ ၂,၂၇၂,၆၀၀ ကျပ်ကို ရောက်ရှိလာခဲ့ပြီး တပတ်အတွင်း ၁၁၃,၁၀၀ ကျပ် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

“ဈေးကတော့ အတက်ဘက်ကို ဆက်သွားဦးမယ်လို့ထင်တယ်။ ကမ္ဘာ့ရွှေဈေးတက်တော့ ပြည်တွင်းရွှေစျေးကလည်း တက်လာတာပေါ့။ လက်ရှိမှာ အရောင်းအဝယ်ကတော့ ငြိမ်နေတယ်။ အခြေအနေစောင့်ကြည့်နေတဲ့သဘောပေါ့”လို့ နောက်ထပ် ရွှေကုန်သည်တဦးက ပြောပါတယ်။

လက်ရှိ ပြင်ပငွေလဲနှုန်းများအနေနဲ့ မတ်လ ၁၀ ရက်က အမေရိကန်တဒေါ် လာ ရောင်းဈေး ၂၈၇၅ ကျပ်၊ ဝယ်ဈေး ၂၈၆၅ ကျပ်ရှိပြီး မတ်လ ၁၇ ရက်မှာတော့ ရောင်းဈေး ၂၈၆၇ ကျပ်၊ ‌ဝယ်ဈေး ၂၈၅၈ ကျပ်ရှိတယ်လို့ သိရပါတယ်။

Photo – YGEA
#voiceofmyanmar #VOM #ပြည်တွင်းရွှေစျေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW