စစ်တွေမှာ နေအိမ်ကပျောက်ဆုံးသွားတဲ့ အသက် (၁၁)အရွယ်မိန်းကလေး ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံး

မတ်၊ ၁၈-၂၀၂၃
MM(VOM)

စစ်တွေမြို့၊မင်းဂံရပ်ကွက်မှာ ရိုက်နှက်ခံရပြီး သတိလစ် မေ့မျော့ခဲ့တဲ့ မိန်းကလေးငယ်ဟာ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ဒီနေ့ မတ်လ ၁၇ ရက် မွန်းလွဲပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲ့ဒီ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်ဟာ မင်းဂံ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီ မတ်လ(၁၅)ရက် ညပိုင်းက နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိန်းကလေးကို မတ်လ(၁၆)ရက် မနက်ပိုင်းမှာ စစ်တွေမြို့၊ မင်းဂံအကွက်(၁၃)ရှိ မီးရထားလမ်းအနီးမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အဝတ်အစားမပါဘဲ သတိလစ် မေ့မျော့နေတာကို ဒေသခံတွေက စတင်တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

‘မိန်းကလေးငယ်က စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်တယ်၊ကောင်မလေးက စစ်တွေ မင်းဂံအကွက် ၁၅ မှာနေထိုင်တာပါ၊အသက် ၁၁ နှစ်အရွယ်ပါ၊ မတ်လ ၁၅ ရက် ညနေက နေအိမ်ကနေ ပျောက်ဆုံးသွား၊ အဝတ်အစားမပါဘဲ သတိမေ့မျောနေတာကိုတွေ့ရှိခဲ့တာ၊ ကောင်မလေးရဲ့ ကိုယ်ပေါ်မှာ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေအနှံ့တွေ့ရတယ်။”လို့ တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မသင်္ကာတဲ့ အိမ်နီးချင်းလူငယ် အမျိုးသား(၂)ယောက်ဖြစ်တဲ့အသက်(၁၈)နှစ်အရွယ် အမျိုးသား (၂)ဦးကို သံသယနဲ့ စစ်တွေမြို့မရဲစခန်းက ဖမ်းဆီးထားတယ်လို့သိရပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅)ရက်ကလည်း မင်းဂံရပ်ကွက်မှ ဆယ်ကျော်သက် အရွယ်ရှိ မိန်းကလေးငယ်(၁)ယောက် မယုလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုမှာ ဓားထိုးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းကလည်း မင်းဘာကြီးလမ်းရှိ အဆောက်အအုံတခုမှာ အသက် မပြည့်သေး တဲ့ မိန်းကလေးငယ်(၁)ယောက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW