ကနီနဲ့ မင်းကင်း ကြားက တိုက်ပွဲရှောင်နေရာတွေမှာ အရေပြားအနာတွေပေါက်လို့ ဆေးဝါး အကူအညီတွေ လိုအပ်နေ

မတ် ၊ ၁၉ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင် ခရိုင်၊ ကနီမြို့နယ်နဲ့ ကလေးခရိုင် ၊မင်းကင်းမြို့နယ် အကြားက ယာယီတိုက်ပွဲရှောင်နေရတဲ့ နေရာတွေက ကလေးတွေအများစုဟာ အရေပြား အရည်ကြည်ဖုအနာတွေ ပေါက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အရေပြား အရည်ကြည်ဖုလေးတွေ ပေါက်တယ် ၊ ၁ ရက် ၊ ၂ ရက်အတွင်းမှာ ပွားလာတယ် ၊ မီးလောင်ဖုလို ပူပြီးတော့ စပ်တယ် ၊ကိုယ်ခန္ဓာ နေရာအနှံ့ပေါက်တယ် ၊ လေးငါးရက်လောက်ဆို အဖုထိပ်က မဲလာပြီး ၊ အရည်ကြည်တွေပေါက်တယ် ၊အရည်ကြည်တွေ ပျံ့တဲ့နေရာ နောက်ထပ်အဖုတွေ ထပ်ပေါက်တယ် ၊ များသောအားဖြင့် ကလေးတွေ အဖြစ်များတယ် ” လို့ လူနာရှင် ကလေးမိခင် တယောက်က ပြောပါတယ် ။

အဲ့ဒီလို အရေပြား အရည်ကြည်ဖုအနာတွေ ပေါက်ပြီး ရောဂါခံစားနေရတဲ့ ကလေးငယ် ရာဂဏန်းနီးပါးရှိတယ်လို့ သိရပါတယ်။

ကနီမြို့နယ် ၊ လာပို့ကျေးရွာမှာနေတဲ့ လူနာရှင် မိသားစု တယောက်က ” သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဖြစ်နိုင်တယ် ၊ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်နိုင်တယ် ၊ မိရိုးဖလာ ဒေသအခေါ် ရေကျောက်ရောဂါလို့ ခေါ်တယ်၊ ရောဂါလက္ခဏာ ပြပြီဆိုရင် အရေပြား တခုလုံး ယားရံ ပူစပ်တယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး ၊ အနေရ အတော်ခက်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ ရောဂါလက္ခဏာ နဲ့ပတ်သက်ပြီး မုံရွာမြို့မှာ အခြေစိုက်တဲ့ တိုင်းကျန်းမာရေးဌာနက ဆရာဝန်တယောက်က ” လက်ကနေ တဆင့် နေရာအနှံ့ ကူးစက်နိုင်တဲ့အတွက် လက်ကို အမြဲသန့်ရှင်းအောင် ရေဆေးပေးရမယ် ၊ ခဏခဏ လက်ဆေးပေးရမယ် ၊ အရည်ကြည်ဖုလေးတွေကို ဖောက်ပြီး ၊ ဆေးဝါရည် သုပ်လိမ်းပေးရမယ် ၊ Mupirocin cream ( လိမ်းဆေး) တစ်နေ့(၃)ကြိမ် လိမ်းရမယ် ၊ သောက်ဆေးအနေနဲ့ ရနိုင်ရင် PO Flumox 500 mg တစ်လုံး
တစ်နေ့ (၃ )ကြိမ် (၁၀)ရက်အထိ သောက်ရမယ်” လို့ ပြောပါတယ်။

ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြားက ယာယီတိုက်ပွဲရှောင်နေရတဲ့ လူဦးရေ ၃ ထောင်နီးပါးရှိပြီး ကလေးငယ် ၄ ရာကျော်ရှိတဲ့အနက် ကလေးငယ် တစ်ရာနီးပါးဟာ အဲ့ဒီလို အရေပြား အနာတွေပေါက်နေတာကြောင့် ဆေးနဲ့ ဆေးပစ္စည်း အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ယင်းမာပင် #အရေပြားအနာ #ဆေးဝါးလိုအပ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW