ရခိုင်က ANPပါတီ ရွေး/ကော်မှာ မှတ်ပုံတင်ဖို့ ဘာကြောင့်ဆုံးဖြတ်လိုက်တာလဲ

မတ် ၂၁- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဟာ နစက ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှာ ပါတီမှတ်ပုံတင်ရေး ဆုံးဖြတ်လိုက်တယ်လို့ ပါတီဥက္ကဋ္ဌက VOM ကို အတည်ပြုပြောပါတယ်။

ဒီကနေ့ မတ်လ ၂၁ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာလည်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီအပါအဝင် အမျိုးသားဒီမိုကရက်တစ်ပါတီ(DNP)နဲ့ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)တို့က ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နစကရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှာ ဆက်လက်ရပ်တည်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို မတ်လ ၂၀ ရက်နေ့က လာရောက်လျှောက်ထားကြောင်း သိရပါတယ်။

အဲဒီလို ရွေးကောက်ပွဲဝင်နိုင်ရေးကို ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပါတီတွင်း သဘောထားကွဲလွဲမှုတချို့ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“မှတ်ပုံတင်ဖို့ လျှောက်ထားတာမဟုတ်ဘူး။ မှတ်ပုံတင်ဖို့အတွက် ပါတီမှာ ဆုံးဖြတ်လိုက်တာပဲရှိသေးတယ်။ ပါတီဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ချက်ချတယ်။ လောလောဆယ်ပါတီတွင်းမှာတော့ အယူအဆကွဲပြားမှုနည်းနည်းပါးပါးရှိတယ်။ ဒါပေမယ့် သဘောထားကြီးကြီးမားမား ကွဲလွဲမှုရှိတယ်လို့ ပြောလို့မရဘူး၊ ရခိုင်အမျိုးသားပါတီဟာ ရခိုင်အမျိုးသားနိုင်ငံရေးအတွက် ထူထောင်ခဲ့တဲ့ပါတီဖြစ်တာကြောင့် ဒီလို ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်ရတဲ့အကြောင်းအရင်းကို သိမယ်ဆိုရင် ရခိုင်ပြည်သူတွေနားလည်ကြမယ်လို့ ထင်မြင်မိပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက “အခုလက်ရှိ ရခိုင်ပြည်နယ်က တချို့ဒေသ၊ တချို့မြို့နယ်တွေမှာ အမျိုးသားနိုင်ငံရေးအခြေခံဟာ စတင်ပြီးအခြေတည်စ မြို့နယ်တွေရှိပါတယ်။ အဲဒီလို အမျိုးသားရေးအားနည်းနေသေးတဲ့ ဒေသ၊ မြို့နယ်တွေကို အမျိုးသားရေးအားကောင်းအောင် ဆောင်ရွက်ရမယ်လို့ ငါတို့ယုံကြည်တယ်။ အမျိုးသားရေးအားကောင်းတဲ့ မြို့နယ်တွေကိုလည်း ဆက်လက်ပြီး ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ ယူဆတယ်၊ အဲဒါကြောင့် ပါတီမှတ်ပုံတင်လျှောက်ထားဖို့ ဆုံးဖြတ်ခဲ့တာ”လို့ ပြောပါတယ်။

နိုင်ငံရေးမှာ ပြောဆို၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့လိုအပ်ကြောင်းနဲ့ နိုင်ငံရေးအရ ရခိုင်လူမျိုးတွေမှာ ပြောခွင့်၊ ဆိုခွင့်ရှိနေဖို့ လိုအပ်တယ်လို့ ယူဆကာ အဲဒီလို ယူဆချက်ဟာလည်း ပါတီမှတ်ပုံတင်ဖို့ဆုံးဖြတ်ရတဲ့ အကြောင်းအရင်းထဲက တချက်ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်အပါအဝင် မျိုးနွယ်စုတွေနဲ့လည်း အနာဂတ်ရခိုင်ပြည်အတွက် ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယုံကြည်ကြောင်း ANP ပါတီ ဥက္ကဌက ပြောပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ ညီနောင်တိုင်းရင်းသားအင်အားစုတွေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဆွေးနွေးညှိနှိုင်း၊ ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ သုံးသပ်မိတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေလုပ်ဖို့အတွက် ရခိုင်လူမျိုးကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ ရပ်တည်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ယုံကြည်တယ်။” လို့ ပြောပါတယ်။

အဲဒီလို ယုံကြည်မှု၊ ယူဆချက်တွေကြောင့် အရင်က ပြည်ထောင်စုတဝန်းလုံး စည်းလုံးခွင့်ရခဲ့တဲ့ ပါတီအဖြစ်မှတ်ပုံတင်ခဲ့တဲ့ ပါတီတရပ်ဖြစ်ပေမယ့် လက်ရှိမှာတော့ နစက ပါတီက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေအရ ပြည်ထောင်စုတဝန်းလုံးကို စည်းရုံးရေးမှာ အခက်အခဲအကျပ်အတည်းတွေ ဆိုက်ရောက်သွားတဲ့အခြေအနေမှာရှိကြောင်း နစက ရဲ့ အသစ်ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီး ပြောကြားသွားတာ ဖြစ်ပါတယ်။

အဲဒီလို အခက်အခဲတွေကြောင့် ရခိုင်အမျိုးသားပါတီအနေနဲ့ ရခိုင်ပြည်နယ်အခြေစိုက် ပြည်နယ်အတွင်းမှာ စည်းရုံးလှုပ်ရှားဖို့အတွက် မှတ်ပုံတင်ဖို့ ပါတီဗဟိုကော်မတီက ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ကြောင်း သိရပါတယ်။

ပါတီကိုမှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာမှန်ကန်ပေမယ့် ပါတီတွင်းမှာတော့ နစက ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲဟာ ဘယ်နေ့ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတာ မှန်းဆရခက်တာကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ ဆွေးနွေးဆုံးဖြတ်ချက်ချတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တာနဲ့ ပတ်သက်ပြီး ပါတီတွင်းတာဝန်ရှိသူတွေဆုံးဖြတ်ရတာဖြစ်ပြီး ထောက်ခံတာ၊ မထောက်ခံတာကတော့ မဲဆွယ်စည်းရုံးကာ မဲထည့်တဲ့အခါမှ ပြသကြမှာဖြစ်ကြောင်း ရခိုင်အရပ်ဖက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခိုင်ကောင်းစံက သုံးသပ်ပြောဆိုပါတယ်။

“ နိုင်ငံရေးပါတီက ပါတီမှတ်ပုံမတင်လို့ရှိရင် အဲ့ဒီပါတီ ဖျက်သိမ်းခြင်းခံရမယ်လို့ ရွေးကောက်ပွဲဥပဒေမှာ ပါတာပေါ့။ ပိုင်ဆိုင်မှုတွေ သိမ်းမယ်ဆိုတဲ့အခါ နိုင်ငံရေးပါတီတွေမှာ ဘေးကျပ်နံကျပ် ဖြစ်ကြရတယ်။ ဆိုတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ကလည်း တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီဖြစ်တယ်။ ပါတီမှာပိုင်ဆိုင်တဲ့ မြေယာအဆောက်အဦးလည်း ရှိကြတာပေါ့။ သူတို့အနေနဲ့ မှတ်ပုံတင်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့သဘောပါပဲ။ ပြီးမှလည်း ပါတီကလူတွေလည်း တရားဝင် ပါတီအဖြစ်ရပ်တည်လို့ရမှာပေါ့။ ဒါကြောင့် တရာဝင်ပါတီအဖြစ် မှတ်ပုံတင်တယ်လို့ သုံးသပ်ပါတယ်။” လို့ ဦးခိုင်ကောင်းစံက သုံးသပ်ပြောဆိုပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ လွှတ်တော်တွေနဲ့ ရွေးကောက်ပွဲအပေါ်မှာ ယုံကြည်မှုအားနည်းကြောင်းလည်း သူက ထောက်ပြပါတယ်။

“ပြည်သူတွေကတော့ အများစုကိုကြည့်တော့ လူမှုကွန်ရက်၊ မြေပြင်တွေမှာ ပြောဆိုကြတာကြည့်မယ်ဆိုရင် လွှတ်တော်တွေအပေါ်မှာ ပြည်သူတွေက ယုံကြည်မှုမရှိတာတွေ့ရတယ်။ ဒါတင်မကပဲ နိုင်ငံရေးပါတီက တချို့အကြောင်းအမျိုးမျိုးကြောင့် ထွက်လာတဲ့သူတွေကလည်း မြန်မာနိုင်ငံမှာလက်ရှိကြုံနေရတဲ့ အခြေအနေတွေကြားမှာ ဘာမှမလုပ်နိုင်ဘူး။ ပြည်သူတွေကိုယ်၌ကလည်း ULA/ AA ရဲ့ သူတို့ရဲ့ အုပ်ချုပ်မှု၊ နိုင်ငံရေးပုံစံတွေကိုပဲ လက်ခံကြိုက်နှစ်သက်ကြတယ်။ နိုင်ငံရေးပါတီတွေက ဘာမှလုပ်လို့မရတော့ဘူးဆိုပြီး သုံးသပ်တာတွေလည်း ကြားရတယ်” လို့ ဦးခိုင်ကောင်းစံက ပြည်သူတွေရဲ့ နိုင်ငံရေးပါတီတွေအပေါ် သဘောထားကို မြေပြင်အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်အပါအဝင် တခြား ပြည်နယ်နဲ့ တိုင်းတွေမှာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမယ့် ၂၀၁၀ ကနေ ၂၀၂၀ အထိ ၁၀ နှစ်တာကလအတွင်းမှာ ကြီးမှာတဲ့လုပ်ဆောင်မှုတွေမတွေ့ရကြောင်း သူက ပြောပါတယ်။

“လွှတ်တော်အခင်းအကျင်းတွေထဲမှာ ပြည်ထောင်စုရဲ့ လွှမ်းမိုးမှုတွေကို ခံရတွေ့ရတယ်။ နောက်တခါ တချို့သော ပါတီတွေကနေ လွှတ်တော်ကိုယ်စားလှယ်တချို့တွေက ကိုယ့်အကျိုးစီးပွားအတွက်ကိုပဲ လုပ်ကြတယ်။ နောက်တခုက အစိုးရလုပ်ရမယ့် လမ်း၊ ဆေးခန်း၊ ကျောင်း၊ တံတားတွေကိုပဲ မီးမှောင်းထိုးပြတောင်းဆိုမှုတွေပဲရှိတယ်။ အမှန်ကတော့ လွှတ်တော်တခုဆိုတာက ရခိုင်ပြည်သူတွေကိုယ်စား၊ ရခိုင်ပြည်မှာရှိနေတဲ့ လိုအပ်ချက်၊ ဥပဒေ၊ နည်းဥပဒေတွေကို ပြဌာန်းဖို့အတွက် လွှတ်တော်ဆိုတဲ့အခင်းအကျင်းဖြစ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်းမှာ ခုတ်ရာတခြား၊ ရှရာတခြား (ခတောင်းကျစ်တဲ့အခါ ပေါင်နဲ့ တင်နဲ့ လွဲနေသလို) ဖြစ်နေရတယ်လို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို သုံးသပ်မိပါတယ်။”လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီမှတ်ပုံတင်ဖို့အတွက် ဆုံးဖြတ်တာ ရခိုင်ကအင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)နဲ့ တခြား ပြည်နယ်တွင်းက တိုင်းရင်းသားမျိုးနွယ်စု ပါတီတချို့ မှတ်ပုံတင်ဖို့လျှောက်ထားကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်ဟာ ခေတ်အဆက်ဆက် ဆင်းရဲ နွမ်းပါးတဲ့ဒဏ်ကို ခံစားနေရတာဖြစ်ပြီး ရခိုင်ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေဆုံးရှုံးနေသလို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း (၁၀)နှစ်တာကာလအတွင်းမှာလည်း ပြည်သူတွေအတွက် အားရလောက်တဲ့ အကျိုးဖြစ်ထွန်းမှုမရှိကြောင်း ယူဆနေကြတယ်လို့ သိရပါတယ်။

အဲဒီလို ရခိုင်ပြည်တွင်းက ပြည်သူတွေအနေနဲ့ ရပိုင်ခွင့်တွေဆုံးရှုံးနေတာကြောင့် မလိုလားအပ်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ရပြီး နိုင်ငံတွင်း နှစ်ပေါင်း (၇၀) ကျော်ကြာရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်ဟာလည်း ရခိုင်ဒေသကို တဟုန်ထိုး တိုးဝင်လာချိန်မှာတော့ ရခိုင်ပြည်သူတွေဟာ စစ်ရဲ့ဒဏ်ကိုလည်း အကြီးအကျယ်ခံစား နေရဆဲ၊ ခံစားခဲ့ရတာတွေလည်း ရှိနနေတယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ပြည်နယ်တွင်း အင်အားကြီးပါတီတခုဖြစ်သလို လွှတ်တော်သက်တမ်းကာလတလျှောက် ပြည်နယ်တွင်း မဲဆန္ဒနယ်အများစုမှာ အနိုင်ရတဲ့ပါတီတခုဖြစ်ပြီး ရခိုင်ပြည်သူလူထုရဲ့ထောက်ခံမှုကို အပြည့်အဝရခဲ့တဲ့ နိုင်ငံရေးပါတီ တခုဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုနဲ့ ရင်ဘောင်တန်းနိုင်တဲ့ပါတီတခုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းအမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွေမှာလည်း ဦးဆောင်နေတဲ့ပါတီဖြစ်တယ်လို့ ပြောကြပါတယ်။

ရခိုင်အမျိုးသားပါတီ ဖြစ်ပေါ်လာတာဟာ ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) တို့ ရခိုင်အမျိုးသားပါတီ (ANP) အမည်နဲ့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာဖြသ်တယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရခိုင်တို့ရဲ့ အမျိုးသားအခွင့်အရေးနဲ့ ကွန်ဆာဗေးတစ် ဝါဒကို စွဲကိုင်ထားတဲ့ နိုင်ငံရေးပါတီ တခုဖြစ်ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရွေးကောက်ခံကိုယ်စားလှယ် အမတ် ဦးညီပုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုပြုတင်သွင်းလိုက်တာကြောင့် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကလွဲပြီး ကျန်တဲ့ ANP အမတ်တွေဟာ လွှတ်တော်မပြီးခင် သပိတ်မှောက်ထွက်ခွာသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးကြောင်း သိရပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ လာမယ့် နစက ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မလားဆိုတာကတော့ အချိန်က စကားပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ANPပါတီ #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW