သတင်းထောက် မှူးရတနာခက်မို့မို့ထွန်း အကြမ်းဖက်ဥပဒေနဲ့တရားစွဲခံရမှု မကြာခင်အပြီးသတ်အမိန့်ချဖို့ရှိ

မတ် ၂၀ – ၂၀၂၃
GG (VOM)

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ ကားနဲ့တိုက်ပြီး အဖမ်းခံခဲ့ရတဲ့ MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း ဟာ လက်ရှိ အင်းစိန်ဆေးရုံမှာ ခြေသလုံးရိုးခွဲစိတ်ပြီး စတီးချောင်းအစားထိုးကုသမှုကိုလုပ်ဆောင်နေရပြီး အကြမ်းဖက်ဥပဒေနဲ့တရားစွဲခံရမှုဟာလည်း မကြာခင်အပြီးသတ်အမိန့်ချဖို့ရှိတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရဲအချုပ်လူနာဆောင်(Guard Ward)မှာ ကုသမှုခံယူနေပြီး မိခင်ဖြစ်သူက စောင့်ရှောက်ခွင့်ရထား တယ်လို့သိရပါတယ်။

“ဘယ်ဘက်ခြေထောက်ခြေသလုံးရိုးကို အင်းစိန်ဆေးရုံမှာ ခွဲစိတ်ကုသပြီး စတီးချောင်းအစားထိုးကုသထားတယ်။ခွဲစိတ်မှုဒဏ်ကြောင့် ရောင်ရမ်းနာကျင်တာရှိတယ်။ လုံခြုံရေးအရ ဆေးရုံကုတင်မှာ သံခြေကျင်းခတ်တာခံနေရလို့ ခက်ခက်ခဲခဲ အခြေအနေဖြစ်ပါတယ်။မကြာမီပြန်လည်သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။ ဆေးရုံမှာ သူ့မိခင်က နေ့ဘက် တနေကုန်ရှိပါတယ်။သူ့မိခင်နဲ့ ရှေ့နေတွေ တွေ့လို့ရပါတယ်။ရဲအချုပ်ဆောင်မှာပါ “လို့ မမှူးရတနာရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ​ရှေ့နေအသိုင်းအဝိုင်းက ​ပြောပါတယ်။

ခွဲစိတ်မှုမလုပ်ခင်က သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းရဲ့ခြေသလုံးရိုးက ကြေမွသွားတဲ့ဒဏ်ရာက ၃နေရာ ရရှိခဲ့တဲ့ဒဏ်ကြောင့် ချိုင်းထောက်နဲ့ ဝှီးချဲ Wheel Chair အသုံးပြုပြီး သွားလာခဲ့ရတယ်လို့သိရပါတယ်။

ထပ်တိုးအမှုအဖြစ် စွဲဆိုခံရပြီး သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည အမှုက မကြာခင်အပြီးသတ်အမိန့်ချမှတ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်းကိုထောက်ပံ့တယ်ဆိုပြီး စွဲတာပေါ့။တကယ်က ဘယ်အကြမ်းဖက်အဖွဲ့အစည်းမှလှူတာမဟုတ်ဘူး။သူ့ညီမနဲ့သူ့ သူငယ်ချင်းတွေနဲ့ငွေပေးငွေယူလုပ်တာ ၊ ဒါကြောင့် သူ့ညီမနဲ့ သူငယ်ချင်းတွေလည်း တရားရုံးမှာ ထွက်ဆိုပြီးပြီ၊ အခု သူ့မိခင်ကိုပဲ စစ်ဖို့ကျန်တော့တယ်။ပြီးရင်အပြီးသတ်လျှောက်လဲချက်တင်မှာပါ။အပြီးသတ်အမိန့်ချမှာပါ ၊ အရင်ရုံးချိန်းတွေတုန်းက ၃ ကြိမ်မှတကြိမ် လူကိုယ်တိုင်သွားဖို့ တရားသူကြီးနဲ့ညှိထားတာပေါ့။ တရားရုံးက ၃လွှာမှာရှိတော့ ဝှီးချဲနဲ့တက်မရတော့ ချိုင်းတောက်နဲ့တက်ရတော့ ဒဏ်ရာရမှာစိုးလို့ ပါ”လို့ ရှေ့နေအသိုင်းအဝိုင်းက ထပ်မံပြောပြပါတယ်။

လက်ရှိမှာလည်း မမှူရတနာဟာ ဆေးကုသမှုခံယူနေရတာကြောင့် ရုံးချိန်းကို ရှေ့နေတွေကသာ သွားရောက်နေပြီး ရုံးချိန်းက နှစ်ပတ်တကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက မမှူးရတနာခက်မို့မို့ထွန်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ သတင်းယူနေချိန် ဆန္ဒပြပွဲဖြိုခွဲခံရသူတွေနဲ့ ရောပြီးဖမ်းဆီးခံခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မမှူးရတနာခက်မို့မို့ထွန်း
#အကြမ်းဖက်ဥပဒေအမှု

Related posts

Leave a Comment

VOM News

FREE
VIEW