ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးတွေသေဆုံးမှု အိန္ဒိယ Marion Biotech ဆေးကုမ္ပဏီကို လိုင်စင်ရုပ်သိမ်း

ဒေလီ၊ မတ်-၂၃-၂၀၂၃
မျိုးဆက်(VOM)

ဥဇဘက်ကစ္စတန်နိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ် ၁၈ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ဆေးရည်ထုတ်လုပ်တဲ့ အိန္ဒိယဆေးကုမ္ပဏီရဲ့ထုတ်လုပ်ရောင်းချခွင့်ကို အာဏာပိုင်တွေက အပြီးရုပ်သိမ်းလိုက်ပါတယ်။

အိန္ဒိယအခြေစိုက် Marion Biotech ကထုတ်လုပ်တဲ့ချောင်းဆိုးပျောက်ဆေးနှစ်မျိုးကို စံချိန်မမှီကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီလအတွင်းက သတိပေးထုတ်ပြန်ထားပြီး ကုမ္ပဏီဘက်ကတော့ အရည်အသွေးမမှီဆိုတာကို ပယ်ချထားပါတယ်။

ဥဇဘက်ကစ္စတန်မှာ အဲဒီဆေးရည်သောက်ပြီး ကလေးတွေသေဆုံးမှုဖြစ်ပွားပြီးနောက် Marion Biotech ရဲ့ထုတ်လုပ်မှုတွေကို အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနက ရပ်ဆိုင်းခဲ့ပါတယ်။

လက်ရှိမှာတော့ Marion Biotech ရဲ့လိုင်စင်ကို မတ် ၂၂ ရက်မှာ အပြီးတိုင်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီအခြေစိုက်ရာ ဥတာပရာဒေ့ရ်ှပြည်နယ် အာဏာပိုင်တွေကပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဆေးးဘက်ဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့ ကမ္ဘာ့အကြီးဆုံး အထွေထွေဆေးဝါးတွေတင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးမီကာလတွေအတွင်း အိန္ဒိယဆေးကုမ္ပဏီအများအပြားဟာ သူတို့ရဲ့ဆေးဝါးအရည်အသွေးနဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေရဲ့ စစ်ဆေးမှုတွေအောက်မှာရှိနေကာ ဆေးဝါးထုတ်လုပ်တဲ့ စံချိန်စံညွှန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက စိုးရိမ်မှုတွေရှိနေပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW