ရန်ကုန်​လေဆိပ်မှာ Grab ကလွဲလို့ တခြားတက္ကစီတွေ ပြေးဆွဲခွင့် ပိတ်ပင်

ဧပြီ ၃ – ၂၀၂၃
SN (VOM)

ရန်ကုန်လေဆိပ်မှာ ဒီနေ့ ဧပြီ ၃ ရက်စလို့ Grab ကုမ္ပဏီ တခုတည်းကိုသာ တက္ကစီဆွဲခွင့်‌ပေးပြီး အခြား တက္ကစီတွေကို ပြေးဆွဲခွင့် ပိတ်ပင်လိုက်တယ်လို့ တက္ကစီယာဉ်မောင်းတွေဆီက သိရပါတယ်။

“တက္ကစီတွေ ဝင်လို့မရတာ မဟုတ်ဘူး။ တက္ကစီတိုင်း ပါကင်ထိုးလို့ မရတော့တာ။ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) နဲ့ Grab နဲ့ ပေါင်းပြီးလုပ်တာ။ ဒီနေ့ ၈ နာရီခွဲကနေစတာ။ Grab ဆွဲတဲ့သူတွေ YRTC ရဲ့ တံဆိပ်နဲ့ စာရွက်စာတမ်းပါတဲ့ကားမှန်သမျှ အဲ့ဒီမှာ ပါကင်ထိုးပြီး ရပ်လို့ရတယ်။ ကျန်တဲ့ကားတွေမရဘူး”လို့ တာမွေမြို့နယ်က တက္ကစီယာဉ်မောင်းတဦးက ပြောပါတယ်။

အရင်က ရန်ကုန်လေဆိပ်မှာ Flying Swallow ၊ ရွှေလွန်းပျံ ၊ Royal Golden Brothers and Friends နဲ့ Parami အစရှိတဲ့ တက္ကစီယာဥ်လိုင်းတွေလည်း ပြေးဆွဲလျက်ရှိပြီး လက်ရှိချိန်မှာ သက်ဆိုင်ရာက Grab ယာဥ်လိုင်း ကုမ္ပဏီကိုသာ ပြေးဆွဲခွင့် ပေးတော့တယ်လို့ သိရပါတယ်။

“Grab ဖွင့်ထားတဲ့အကောင့်တွေရှိတဲ့ တက္ကစီတွေလည်း အဲ့ဒီမှာ ပါကင်သွားထိုးလို့ရတယ်။ ကျန်တဲ့ကားတွေကတော့ ဝင်လို့မရတာမဟုတ်ဘူး။ ပါကင်ထိုးထားပြီး ရပ်လို့မရတာ။ လူတင်၊ လူချ၊ ပြန်ထွက် အဲ့ဒီလိုပဲရတယ်”လို့ သာကေတမြို့နယ်မှ တက္ကစီယာဉ်မောင်းတဦးက ပြောပါတယ်။

အခုလို တက္ကစီဆွဲခွင့် ပိတ်ပင်လိုက်တာကြောင့် လေဆိပ်မှာ ပြေးဆွဲနေတဲ့ ကားအရေအတွက် ၅၀၀ ကျော်ဝန်းကျင် အသံတိတ် (Silent)သပိတ် လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဲ့ဒီသတင်းက မမှန်ကန်ဘူးလို့ တက္ကစီမောင်းသူတွေက ပြောပါတယ်။

“Silent သပိတ်က မလုပ်ပါဘူးဗျာ။ လျှောက်ပြောနေတာ။ အလုပ်လက်မဲ့ ဖြစ်ရအောင်ကလည်း သူတို့တက္ကစီဆွဲစရာနေရာက အဲ့ဒီတနေရာတည်း ရှိတော့တာလား၊ အပြင်မှာရော ဆွဲလို့ မရတော့ဘူးလား။ ပြီးတော့ သူတို့က ဈေးတွေ မတရား အများကြီးတောင်းတာကိုး။ အဲ့ဒါကြောင့် Grab နဲ့ YRTC နဲ့ပေါင်းပြီး အခုလိုလုပ်လိုက်တာ။ နောက်ထပ် အဝေးပြေးလို နေရာမျိုးတွေမှာလည်း အဲ့ဒီလိုလုပ်သွားဖို့ရှိတယ်လို့ သိရတယ်”လို့ ဒေါပုံမြို့နယ်က တက္ကစီယာဉ်မောင်းတဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က တာဝန်ရှိသူကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ ကားမောင်းနေတဲ့အတွက် ပြန်လည် ဖြေဆိုနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #လေဆိပ် #တက္ကစီကား #ရပ်နားခွင့်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW