ကမ္ဘာ့ရွှေဈေးကြောင့် ရည်ညွှန်းဈေး ကျပ် ၂၄ သိန်းနီးပါး၊ ပြင်ပရွှေဈေး ကျပ် သိန်း ၃၀ နီးပါးအထိ မြင့်တက်လာ

ဧပြီ ၆ – ၂၀၂၃
SN (VOM)

လက်ရှိမှာ ကမ္ဘာ့ရွှေဈေး တအောင်စ ဒေါ်လာ ၂၀၀၀ ကျော်အထိ မြင့်တက်လာကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရည်ညွှန်းဈေး ကျပ် ၂၄ သိန်းနီးပါး၊ ပြင်ပရွှေဈေး ကျပ် သိန်း ၃၀ နီးပါးအထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ဧပြီ ၅ ရက်မှာ တအောင်စ ၂,၀၂၅ ဒေါ်လာအထိ ပြန်လည် မြင့်တက်လာခဲ့တာကြောင့် တစ်ရက်အတွင်း ဒေါ်လာ ၄၀ ကျော် မြင့်တက်ခဲ့ပြီး YGEA ရဲ့ ရည်ညွှန်းဈေးဟာလည်း ကျပ် ၂,၃၈၂,၁၀၀ သတ်မှတ်ခဲ့တဲ့အတွက် တရက်အတွင်း ကျပ် ၄၇,၁၀၀ တိုးမြှင့်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်ပရွှေဈေးနှုန်းမှာလည်း တကျပ်သား ကျပ် ၂,၉၇၂,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး တရက်အတွင်း ၂၅,၀၀၀ ခန့်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

“တရက်အတွင်း သုံးသောင်းကျော် တက်လာတာပါ။ ဧပြီ ၄ ရက်က ကျွန်တော်တို့ ရွှေတကျပ်သားကို ကျပ် ၂၉ သိန်း ၃ သောင်းကျော်နဲ့ ဈေးဖွင့်ခဲ့တယ်။ ၅ ရက်နေ့ကျတော့ ၂၉ သိန်း ၇ သောင်းကျော်နဲ့ ဈေးဖွင့်ထားတယ်။ ရွှေဈေးကတော့ ဒီရက်ပိုင်း ကျဖို့ သိပ်မရှိဘူး။ ကမ္ဘာ့ရွှေဈေးကလည်း တက်နေတယ်။ ပြီးတော့ သင်္ကြန်နားလည်းနီးနေတဲ့အတွက် အတက်ဘက်ကို ဆက်သွားဦးမယ့်သဘောရှိတယ်။ လက်ရှိကတော့ အဝယ်ထက် ပြန်ရောင်းကြတာပိုများတယ်”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လအတွင်း အမေရိကန်မှာ ဘဏ်အချို့ပြိုလဲမှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ပြီးနောက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့လို ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာခြင်းနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းဟာလည်း လိုက်ပါမြင့်တက်ခဲ့ပြီး တကျပ်သား ၂၉ သိန်းကျော်ကို တရိပ်ရိပ် ရောက်ရှိလာခဲ့ကာ မတ်လ ၂၀ ရက်မှာတော့ ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂,၀၀၀ ကျော်လာတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတကျပ်သား ၂,၉၇၉,၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ရွှေဈေးနှုန်း တဖြည်းဖြည်း ပြန်လည် ကျဆင်းလာခဲ့ပြီး မတ်လ ၃၀ ရက်မှာ တအောင်စ ၁၉၆၀ ဒေါ်လာအထိ ရောက်ရှိခဲ့တာကြောင့် ပြည်တွင်း ရွှေဈေးနှုန်းဟာလည်း ကျပ် ၂,၉၃၂,၀၀၀ ဝန်းကျင်အထိ ပြန်လည် ကျဆင်းခဲ့ပါတယ်။

မနေ့ ဧပြီ ၅ ရက်မှာတော့ ကမ္ဘာ့ရွှေဈေး တအောင်စ ဒေါ်လာ ၂၀၂၀ ကျော်အထိ ပြန်လည် မြင့်တက်လာခဲ့ပြီး နာရီပိုင်းအလိုက် ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်နေတာကြောင့် အချို ဆိုင်တွေအနေနဲ့ ဈေးနှုန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

“နာရီပိုင်းအတွင်းမှာကို ဈေးတွေ ပြောင်းလဲနေတော့ အခြေအနေ စောင့်ကြည့်နေရတဲ့သဘောပေါ့။ YGEA ရဲ့ ရည်ညွှန်းဈေးလည်း ၂၄ သိန်းနီးပါး တက်သွားတယ်။ ‌ကမ္ဘာ့ရွှေနဲ့ မြန်မာ့ရွှေ ဆက်စပ်မှုမရှိဘူးလို့သာ သူတို့ဘက်က ထုတ်ပြန်ချက်တွေ ထုတ်နေပေမယ့် တကယ်တမ်းကျတော့ သူတို့လည်း ဈေးလိုက်တက်ရတာပဲ”လို့ နောက်ထပ် ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ရွှေအသင်းက ပြည်တွင်းရွှေဈေးကွက်ဟာ ကမ္ဘာ့ရွှေဈေးကွက်နဲ့ ဆက်စပ်မှုမရှိကြောင်းနဲ့ ဈေးကစားသူတွေ၊ ဈေးဆွဲတင်သူတွေရှိနေပြီး စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လအတွင်းက ကြေညာချက်တွေ ထုတ်ခဲ့ပါသေးတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရွှေစျေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW