မူဆယ်မှာ သဲကား တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိလို့ လူ ၆ ယောက်သေဆုံး

ဧပြီ ၊ ၁၆ -၂၀၂၃
SP (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်မြို့ကနေ ကျင်စန်းကျော့ နယ်စပ်ဂိတ်သွားတဲ့လမ်းမှာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က သဲတွေသယ်လာတဲ့ ၂၂ ဘီးကား တိမ်းမှောက်ပြီး အနီးမှာရှိတဲ့ အိမ်စီးကား တစီးပေါ် ပိတာကြောင့် အိမ်စီးကားထဲက လူတွေ သေဆုံးခဲ့တယ်လို့ မူဆယ်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကျင်စန်းကျော့ဂိတ်ဘက်ကို သဲတွေသယ်လာတဲ့ ကား တိမ်းမှောက်တာပါ ၊ မှောက်တဲ့ကားက ၂၂ ဘီး တွဲကားဖြစ်တယ် ၊ အဲ့ဒီကား တိမ်းမှောက်သွားတဲ့ဘက်မှာ အိမ်စီးကား တစီးရှိတယ် ၊ အဲ့ဒီ အိမ်စီးကားပေါ်ကို မှောက်တဲ့ကားက ပိတာဖြစ်တယ် ၊ အဲ့ဒါကြောင့် အိမ်စီးကားထဲက အမျိုးသား၂ ဦး နဲ့ အမျိုးသမီး ၄ ယောက် စုစုပေါင်း ၆ ယောက် သေဆုံးတယ် ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ မသိရသေးဘူး “လို့ မူဆယ်မြို့ခံ မြင့်မြတ်ပါရမီ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတယောက်က VOM ကို ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်ကို မြင့်မြတ်ပါရမီပရဟိတအသင်း၊ ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်းပရဟိတအသင်းနဲ့ လက်ဘက်ညွန်ပရဟိတအသင်းတွေအပြင် မူဆယ်ခရိုင် မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင်တွေပါ ရှာဖွေကယ်ဆယ်ရေး လုပ်ပေးနေရတယ်လို့ သိရပါတယ်။

မူဆယ်မြို့နယ်ဟာ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးမြို့တော်ဖြစ်ပြီး ကုန်စည်တွေ သယ်ယူပို့ဆောင်ကြတဲ့အခါ ၂၂ ဘီး နောက်တွဲယာဥ်ကားတွေကို အသုံးပြုတာ များတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #သဲကားမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW