မြင့်တက်နေတဲ့ အပူချိန်နဲ့ သတိထားရမယ့် Heat Stroke အန္တရာယ်

SN (VOM)

လက်ရှိ မြန်မာနိုင်ငံအတွင်း အထက်အညာဒေသနဲ့ နေရာဒေသတိုင်းလိုလိုမှာ အပူချိန်တွေ သိသိသာသာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ မတ်လ ဒုတိယပတ်လောက်ကတည်းက ပူပြင်းတဲ့ ရာသီဥတုရဲ့ဒဏ်ကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့အတော်များများမှာ သိသိသာသာခံစားလာရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဒုတိယပတ်ကစပြီး မြန်မာနိုင်ငံ အထက်အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေ့အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့သလို မြန်မာအရှေ့တောင်ပိုင်းနဲ့ ကျန်ဒေသအများစုမှာလည်း နေ့အပူချိန်ဟာ ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ မြင့်တက်လာခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

အပူချိန်တွေ သိသိသာသာ မြင့်တက်နေတဲ့အတွက် အထူးသဖြင့် သက်ကြီးဘိုးဘွားတွေနဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူတွေ၊ အရက်စွဲတဲ့သူတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေအနေနဲ့ အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမှာဖြစ်ပြီး Heat Stroke (အပူလျှပ်ခြင်း) အဖြစ်များနိုင်တာကြောင့် ဒီကာလမှာ အထူးသတိထား နေထိုင်သွားလာကြဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

“အခုနောက်ပိုင်း ည ၁၀ နာရီကစပြီး တိုက်ခန်းကျဉ်း၊ အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ၊ ရေငတ်ပြီး နှလုံးခုန်မြန်၊ ရေသောက်လည်း တံတွေးတွေ မထွက်၊ အာခေါင်ခြောက်ပြီး ကိုယ်လက်တွေ ထုံကျင်၊ ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ သိရတယ်။

ညဘက်ပိုင်းမှာ နေမပူပေမယ့် ပူအိုက်ပြီး အသားတွေ ပူလာ၊ ချွေးမထွက်ဘဲ ရေဆာ၊ ရေငတ်၊ မူးဝေ၊ ခြေလက်ထုံကျင်၊ နှလုံးခုန် မမှန်တာတွေဟာ အပူလျှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ “Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်”လို့ အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောပါတယ်။

အပူချိန်လွန်ကဲမှုကြောင့် Heat Stroke ဖြစ်ပေါ်နိုင်တဲ့အတွက် အသက်အန္တရာယ်ရှိသလို လူ ၁၀၀ မှာ ၁၀ ရာခိုင်နှုန်း သေဆုံးနိုင်တဲ့အတွက် အခုလိုကာလမျိုးမှာ အထူးသတိထား သွားလာနေထိုင်ကြဖို့ သူက တိုက်တွန်းပါတယ်။

“အပူလျှပ်တယ်ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုက နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့၊ မျက်နှာသစ်လိုက်တာတို့ကြောင့်လို့ ထင်နေကြတယ်။ ရုတ်တရက် သတိလစ်၊ အသက်ရှူရပ်သွားတယ်ပေါ့။ တကယ်တမ်းတော့ အဲ့ဒါဟာ အပူလျှပ်တယ်ဆိုတဲ့အထဲက အလွန်ရှားပါးတဲ့ ဖြစ်ရပ်သာဖြစ်ပါတယ်။ ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့် အရေပြားကသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်ပါတယ်။ မကြာဘူး စက္ကန့်ပိုင်းအတွင်း သေနိုင်ပါတယ်။ သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင် ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါ”လို့ သူက ပြောပါတယ်။

အပူချိန်မြင့်နေတဲ့ ကာလအတွင်း အပူထဲကနေ ပြန်လာပြီး ရုတ်တရက် ရေချိုးတာ၊ အအေးခန်းထဲ ရုတ်တရက်ဝင်လိုက်တာမျိုးက သွေးကြောတွေကိုကျုံ့ပြီး အဲဒီ့က တဆင့် သွေးဖိအား ရုတ်တရက်တက်သွားစေတာမို့ သွေးတိုးအခံရှိသူဖြစ်စေ၊ မရှိတဲ့သူဖြစ်‌စေ သွေးရုတ်တရက်တိုးပြီး ဦးနှောက်သွေး ကြောပေါက်တာမျိုးအပြင် လေဖြတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

အပူဒဏ်အန္တရာယ် ကျရောက်တဲ့လူနာကို အရေးပေါ် ရှေးဦးပြုစုဖို့လိုအပ်ပြီး လူနာကို အရိပ်ရ၊ အေးမြတဲ့နေရာကို ရွှေ့ထားခြင်း၊ လေပန်ကာ၊ လေအေးပေးစက်ဖွင့်ထားပေးခြင်း၊ လေအေးပေးစက်မရှိပါက ယပ်ခတ်ပေးခြင်း၊ လူနာရဲ့ခြေရင်းဘက်ကို မြှင့်ထားပေးပြီး ပက်လက်အနေအထားနဲ့ ထားခြင်း၊လူနာရဲ့အဝတ်အစားတွေကိုချွတ်ခြင်း၊ လူနာရဲ့လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေပတ်တိုက်ခြင်း၊ လူနာကောင်းစွာ သတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ်ဆားရည်တိုက်ခြင်းတို့ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အပူကြောင့်လေဖြတ်ခြင်းဟာ အလွန်ပြင်းထန်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေတတ်တယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ၃၇ ဒီဂရီဆဲစီးရပ်စ် ရှိပါတယ်။ ပတ်ဝန်းကျင်က အပူချိန်မြင့်မားနေတဲ့အခါ ခန္ဓာကိုယ်ဟာ ချွေးထွက်ခြင်းနဲ့ ကိုယ်တွင်းရှိသင့်တဲ့ အပူချိန်ကို ပြန်ထိန်းသိမ်းတာမျိုး လုပ်ဆောင်ပေးပါတယ်။ လူ့ခန္ဓာကိုယ်က အလိုလျောက် လိုအပ်တဲ့အပူချိန် ၃၇ ဒီဂရီဆဲလ်စီးရပ်ရှိအောင် ထိန်းသိမ်းရင်းက လိုအပ်တဲ့ ရေဓာတ်ခန်းခြောက်လာခြင်း၊ ချွေးထွက်နိုင်ဖို့ ချွေးကလင်းတွေမှာ ရေဓာတ်မရှိတော့ခြင်းတို့ကြောင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို ကျအောင် မထိန်းသိမ်းနိုင်တော့ဘဲ ခန္ဓာကိုယ်အပူချိန်က အပြင်အပူချိန်အတိုင်း တဖြည်းဖြည်းတက်လာနိုင်တယ်လို့ သိရပါတယ်။

“တခု ထူးခြားတာက အပူလျှပ်ခြင်း ဖြစ်သွားရင်တော့ ဆေးရုံမှာ ကုသပေမယ့်လည်း အယောက် ၁၀၀ မှာ အယောက် ၂၀ လောက်က သေတာပါပဲ။ ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ကာကွယ်တာလည်း မခက်ဘူး။ ဓာတ်ဆားရည်ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။ သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။ အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။ အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။ ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး” လို့ အထွေထွေရောဂါကု ဆရာဝန်က ပြောပါတယ်။

ဒါ့ကြောင့် အပူဒဏ်အန္တရာယ်က ကာကွယ်နိုင်ဖို့အတွက် နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ နေပူထဲကပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းတဲ့ နေရောင်အောက်ကနေ အလွန်အေးသောအခန်းနဲ့ ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းမှ ပူပြင်းသော နေရောင်ထဲသို့ ချက်ချင်းထွက်ခြင်းတို့ကို ရှောင်ကြဉ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနက် (၁၀)နာရီ နောက်ပိုင်းတွေမှာ ရေမချိုးဖို့၊ အပူစုပ်တဲ့ အဝတ်အစားတွေ မဝတ်ဆင်ဖို့နဲ့ ချွေးထွက်သန်တဲ့သူတွေအနေနဲ့ ချက်ချင်းအေးခဲတဲ့ အချိုရည်တွေ မသောက်သုံးဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

“ပူတာနဲ့ Heat Stroke တန်းဖြစ်တာတော့မဟုတ်ပါဘူး။ သူ့ရှေးပြေးတွေဖြစ်တဲ့ Heat cramps အပူမိလို့ကြွက်သားတွေနာတာ တက်တာ၊ Heat syncope (Fainting) သတိလက်လွတ်ဖြစ်တာ၊ Heat exhaustion အပူကြောင့်အားအင်ကုန်ခန်းသွားတာတွေ အရင်ဖြစ်တတ်ပါတယ်။ ဒါတွေက ဆိုးတဲ့လက္ခဏာတွေမဟုတ်သေးပါဘူး။ ဒီလိုဖြစ်တာက အပူနဲ့မဆိုင်ဘဲ ဖြစ်တတ်တယ်။ အပူချိန်မြင့်နေတာနဲ့ အချိန်ကြာထိတွေ့မိမှသာ ဆိုးတာတွေဖြစ်တတ်တယ်။ အပူဒဏ်နဲ့အတူ ရေ၊ ဓါတ်ဆား ခမ်းခြောက်တာ တွဲလာပြီဆိုရင် ဆိုးပြီ။ ဒီကနေတဆင့် ကိုယ်ခန္ဓာကို အပူချိန်ထိန်းတဲ့စနစ်ကို ထိခိုက်ပျက်စီးစေနိုင်တယ်” လို့ သူက ပြောပါတယ်။

Heat Stroke လူနာကို ပြုစုတဲ့အခါ သီးစုံဓာတ်ဆား မတိုက်သင့်ဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် Shark၊ ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ Burn၊ Speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ဘူးလို့လည်း သိရပါတယ်။ ဒီအရာတွေက အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေနိုင်တယ်လို့ သူက ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကတော့ ရာသီဥတု အပူချိန်လွန်ကဲမှုရဲ့အဓိကအချက်ဟာ တိမ်ဖြစ်ထွန်းမှု‌ဖြစ်ပေါ်စေမယ့် လေထုအခြေအနေစုဆုံမှု အားမကောင်းတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ လေထုအနိမ့်ပိုင်း လေစုဆုံမှုများရင် တိမ်တွေဖြစ်တတ်ပြီး မိုးမရွာတောင် အပူကိုလျော့စေတယ်လို့ သိရပါတယ်။

“တိမ်မရှိတော့ နေ့အပူချိန်တွေ ဆက်တိုက်မြင့်တာ။ အချိန်ကြာလေ နေ့အပူလည်းမြင့်၊ ညဖက်အပူချိန်တွေလည်းမကျတော့ အပူဒဏ်သိသိသာသာ ခံစားကြရတာဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့မုတ်သုံလေဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေကို မေလ ၁၈ ရက်ကနေ ၂၀ ရက်အတွင်း ဝင်ရောက်တတ်တဲ့အတွက် မေလလယ်အထိ အပူချိန်မြင့်တက်မှုက ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရာသီဥတုခန့်မှန်းချက်တွေအရ မေလ နေ့အပူချိန်ဟာ ပုံမှန်ထက် ၁ ဒသမ ၅ ဒီဂရစင်တီဂရိတ် ပိုပူနိုင်တာတွေ့ရတယ်လို့ သိရပါတယ်။ အနည်းဆုံး သီတင်း (၃) ပတ်ခန့်လောက်တော့ အပူချိန်မြင့်တက်နိုင်မှုကို သတိထားသင့်တယ်လို့ သူက ပြောပါတယ်။

နွေရာသီရဲ့ အပူဆုံးအချိန်ကာလဖြစ်တဲ့ ဧပြီလပြီးရင် မေနဲ့ ဇွန်လတွေဟာလည်း မိုးရွာသွန်းမှုနောက်ကျရင် အပူချိန် ဆက်လက်မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အပူချိန်တွေ မြင့်တက်လာမယ့် လာမယ့်လတွေမှာလည်း ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနတွေ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေရဲ့ အသိပညာပေးမှုတွေကို လိုက်နာပြီး နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မေလတုန်းကဆိုရင် နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံးအပူချိန် ရှိခဲ့တဲ့မြို့အဖြစ် ချောက်မြို့က မှတ်တမ်းဝင်ခဲ့ပါတယ်။ နေ့အပူချိန်က ၄၈ ဒီဂရီစင်တီဂရိတ် အထိကို ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန် မကွေးတိုင်းအပါအဝင် အလယ်ပိုင်းဒေသရဲ့ အခြားမြို့အချို့မှာ အပူချိန်တွေဟာ အနည်းဆုံး ၄၄ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရာသီဥတုပြောင်းလဲမှုကို အခြေခံပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ အပူချိန်တွေတဖြည်းဖြည်း မြင့်တာလာတာဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းကဖြစ်တယ်လို့ မိုး/ဇလဌာနက သိရပါတယ်။

အပူချိန်လွန်ကဲမှုဟာ သစ်တောတွေ ပြုန်းတီးလာတာ၊ ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်တာ၊ လေထုစိုထိုင်းဆ အနည်းအများတို့အပေါ်မူတည်ပြီး ဖြစ်ပေါ်လာတာလို့ မိုး/ဇလပညာရှင်တွေက ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာတော့ အပူချိန်လွန်ကဲမှုကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ Heat Stroke ဖြစ်ပွားသူ အယောက် ၂၀၀ နီးပါးမှာ အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ သိရပါတယ်။

ဒါ့ကြောင့် Heat Stroke ဖြစ်နိုင်ချေရှိသူတွေအနေနဲ့ အခုလို အပူချိန်တွေ မြင့်တက်နေတဲ့ကာလမှာ ပိုမို သတိပြု ဆင်ခြင်ရမှာဖြစ်ပြီး ကိုယ့်နားမှာ လေဝင်လေထွက် ရှိနေဖို့အရေးကြီးတယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်နာရီကို ရေအေး သုံးလေးခွက်လောက် သောက်ပေးသင့်သလို ဆားနဲ့ သတ္တုဓာတ်တွေပါတဲ့ အချိုရည်တွေလည်း သောက်ပေးလို့ရတယ်လို့ သိရပါတယ်။ ပါးလွှာတဲ့အဝတ်အစားကို ရွေးချယ်ဝတ်ဆင်သင့်ပြီး Suncreen လိမ်းကာ နေအေးတဲ့အချိန်မှသာ အပြင်ထွက်သင့်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အေးတဲ့ဒေသကနေ ပူတဲ့ဒေသကို ခရီးသွားသူတွေအနေနဲ့လည်း နေရာအကူးအပြောင်းမှာရာသီဥတုဒဏ်ခံနိုင်အောင် ဖြည်းဖြည်းခြင်း အသားကျအောင် အရင်လုပ်ဆောင်သင့်တယ်လို့ သိရပါတယ်။ အရေးကြီးဆုံးက Heat Stroke လက္ခဏာတွေ့တာနဲ့ မိနစ် (၃၀) အတွင်း အပူချိန်ကျအောင် ချနိုင်မှ အဆင်ပြေနိုင်မှာဖြစ်ပြီး အချိန်ကြာလေ အသက်အန္တရာယ်ရှိလေဖြစ်တာကြောင့် သတိပြုဆင်ခြင်သင့်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက အသိပေး တိုက်တွန်းထားပါတယ်။ ။

#voiceofmyanmar #VOM #မြင့်တက်နေတဲ့အပူချိန် #HeatStrokeအန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW