ထိုင်းကနေ ကော့သောင်းကို ပြန်လွှဲပေးတဲ့ မြန်မာလုပ်သား (၁၇၀)ကျော်ထဲက (၉)ဦးမှာ ကိုဗစ်ပိုးတွေ့

ဧပြီ ၂၅-၂၀၂၃
SN (VOM)

ထိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၁၇၀ ကျော်ကို ကော့သောင်းကနေတဆင့် ပြန်လွှဲပေးရာ ၉ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ဆီက သိရပါတယ်။

မြန်မာအလုပ်သမား အမျိုးသား ၁၂၆ ဦး၊ အမျိုးသမီး ၄၅ ဦး၊ စုစုပေါင်း ၁၇၁ ဦးကို မနေ့ ဧပြီ ၂၄ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၄၃ နှစ်အတွင်းရှိ အမျိုးသား(၉)ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လောလောဆယ် ပိုးတွေ့သူတွေကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံက အရေးပေါ်ကုသဆောင်မှာ ကျန်းမာရေးစောင့်ကြည့်နဲ့ ထားထားပါတယ်။ သူတို့နဲ့ တခန်းတည်း အတူနေခဲ့တဲ့ ထိတွေ့ ၁၀ ဦးကိုတော့ နဝရတ်အားကစားရုံမှာ ကွာရန်တင်းထားထားပါတယ်။ ကျန်တဲ့ သူတို့နဲ့ ထိတွေ့မှုမရှိတဲ့သူတွေ အားလုံးကိုတော့ မနေ့က နေရပ်ပြန်ခိုင်းလိုက်ပါပြီ” လို့ ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရပြီး ပြန်လွှဲပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပိုးတွေ့လို့ ကွာရန်တင်း ဝင်နေရသူတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ အားလုံး ကောင်းမွန်ပါတယ်။ အကုန်လုံး သန်သန်မာမာတွေချည်းပဲ။ ဆိုးဆိုးရွားရွား တယောက်မှမပါဘူး။ သူတို့ကို အရင် ကျန်းမာရေးမူအတိုင်း ကွာရန်တင်း ၅ ရက်ပဲ ထားထားတယ်။ ကျွန်တော်တို့ဆီမှာက ဓာတ်ခွဲတဲ့ဟာမရှိဘူးလေ။ RDT (Rapid Diagnostic Test) နဲ့ပဲ စစ်ရတာဆိုတော့ ပိုးတွေ့တယ်ဆိုတော့ ဘာပိုးမှန်းမသိတော့ အရင် ကျန်းမာရေး မူအတိုင်းပဲ သွားတာပေါ့”လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ပြစ်ဒဏ်ကျခံရပြီးနောက် ကော့သောင်းဘက်သို့ မလွှဲပြောင်းမီ ထိန်းသိမ်းရေးစခန်းမှာ လအတန်ကြာ ထိန်းသိမ်းခံရလေ့ရှိတယ်လို့ သိရပါတယ်။

ကိုဗစ် ရောဂါပိုးဟာ မြန်မာနိုင်ငံအတွင်း အခု ဧပြီလထဲမှာ ကိုဗစ်ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာတာကြောင့် ဆေးရုံတွေအသင့်ပြင်ထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ နေပြည်တော် ကုသရေးဦးစီးမှူးနဲ့ တိုင်းနဲ့ပြည်နယ် ကုသရေးဦးစီးမှူးများထံ အကြောင်းကြားစာတစောင်ကို ဧပြီ ၂၄ ရက်(မနေ့က) ထုတ်ပြန်ပေးပို့ထားတယ်လို့ သိရပါတယ်။

အကြောင်းကြားစာမှာ လက်ရှိ ကမ္ဘာ့နိုင်ငံ ၃၁ နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ ကူးစက်မြန် ကိုဗစ်မျိုးကွဲ 1.16 (Arcturus) ဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ ကူးစက်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာလည်း ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာနေပြီး ဧပြီ ၂၃ ရက်နေ့၊ ည ၈ နာရီကနေ ၂၄ ရက်နေ့၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈၉၉၃ ခုကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာသစ် ၅၁ ဦး တွေ့ရှိခဲ့တဲ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၀ ဒသမ ၅၇ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

ဒါ့ကြောင့် ကိုဗစ်ရောဂါ အတည်ပြုလူနာတွေ ဆေးရုံတက်ရောက် ကုသမှုခံယူနိုင်ဖို့နဲ့ ဆေးရုံတွေမှာ Covid Clinical Management Committee တွေ ပြန်လည်ဖွဲ့စည်းဖို့ အကြောင်းကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာတဲ့အတွက် ကိုဗစ်ကာကွယ်ဆေးတွေ၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းတွေ အထူးဂရုပြု ဆောင်ရွက်ကြဖို့နဲ့ ကိုဗစ်ရောဂါ သံသယလက္ခဏာတွေ တွေ့ရှိခဲ့ရင်လည်း နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက် စစ်ဆေးကုသမှုခံယူကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မျိုးရိုဗီဇပြောင်း ကိုဗစ်ရောဂါရောဂါပိုး XBB.1.16( Arcturus) ဟာ အရင်တွေ့ရှိခဲ့တဲ့ ဗီဇပြောင်းရောဂါပိုးတွေထက် ၁ ဒသမ၂၇ ဆ အထိ ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနဲ့ သေဆုံးမှု ပိုမိုမြင့်မားခြင်းမရှိဘဲ ကုသမှုတွင်လည်း လက်ရှိ အသုံးပြုလျက်ရှိတဲ့ ဗိုင်းရပ်စ်ကုသဆေးဝါးတွေနဲ့ ကုသပေးနိုင်တာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေဟာ ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းကြောင့်လည်း ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားချိန်ကစလို့ ဧပြီ ၂၄ ရက်နေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀,၃၀၁,၂၇၃ ခုကို စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၃၄,၄၀၀ ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေကို နေအိမ်မှာ သီးခြားထားရှိခြင်းနဲ့ ဆေးရုံတွေမှာ သီးခြားထားရှိ ကုသမှုပေးခြင်းတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ဧပြီ ၂၄ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ ၉ ဦး ရှိတာကြောင့် လက်ရှိ အချိန်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၆၁၄,၆၉၅ ဦး ရှိပြီဖြစ်ကာ သေဆုံးသူစုစုပေါင်း ၁၉,၄၉၀ ဦး ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့။
#voiceofmyanmar #VOM #ထိုင်း #မြန်မာလုပ်သားကိုးဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW