ပြည်တွင်း ဆန်စျေး ရုတ်တရက် မြင့်တက်လာ

ဧပြီ ၂၅ – ၂၀၂၃
GG(VOM)

ပြည်တွင်းဆန်စျေးကွက်မှာ အခုရက်ပိုင်းအတွင်း ဆန်အချော တစ်အိတ်ကို ၁၀၀၀၀ကျပ် ဝန်းကျင်နဲ့ဆန်ကြမ်းတစ်အိတ်ကို ၅၀၀၀ ကျပ်အထက်ကို ရုတ်တရက်မြင့်တက်သွားတယ်လို့ ဆန်ရောင်းဝယ်သူတွေဆီကသိရပါတယ်။

နယ်ကနေ ရန်ကုန် ကုန်စည်ဒိုင်တွေကို ပုံမှန်ဝင်ရောက်နေကြ ဆန်ပမာဏထက် ဆန်အိတ်ရေ ၁၀၀၀၀ ကျော်လောက် လျော့ကျသွားတာကြောင့် ဆန်စျေး တက်သွားတာဖြစ်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ပြောဆိုကြပါတယ်။

“နယ်ကနေ ရန်ကုန်ကို ဆန်အဝင်များလာရင်တော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ ၊ အခုက ဆန်အဝင်နည်းနေတာကြောင့် ရုတ်တရက်တက်သွားတာလို့ ထင်ပါတယ်။အခုက လျှပ်စစ်မီးကမမှန်တော့ ဆန်စက်တွေလည်ပတ်မှုကလည်း လျော့ကျတယ်လေ ။ဆန်စျေးကတော့ တက်သွားတာပေါ့”လို့ ဆန်စက်နဲ့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံကမြို့နယ်တိုင်းလိုလိုမှာ လျှပ်စစ်မီးပြတ်တောက်မှုက အခြေအနေဆိုးနေတာကြောင့် ဆန်စက်တွေလည်ပတ်နိုင်မှု အရမ်းနည်းခြင်း ၊ နွေစပါးအထွက်နူန်းတွေ လျော့ကျခြင်း၊ သွင်းအားစုစရိတ်တွေ စျေးကြီးခြင်း စတဲ့ကုန်ကျစရိတ်တွေကြောင့်လည်း ဆန်စျေးက အတက်ဘက်ကိုသွားနေတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းကထုတ်ပြန်တဲ့အထဲမှာတော့ ရွှေဘိုပေါ်ဆန်းက ၂၄ ပြည်တစ်အိတ်ကို ၁၀၅၀၀၀ ကျပ်သာရှိပေမယ့် ပြင်ပဆန်စျေးကွက်မှာတော့ အမြင့်ဆုံးစျေးအဖြစ် ရွှေဘိုပေါ်ဆန်းမွှေး ထူးရှယ် ၂၄ ပြည်တအိတ် ကို ၁၂၀၀၀၀ ကျော်တဲ့အထိ မြင့်တက်သွားပြီး မြောင်းမြပေါ်ဆန်းကလည်း ၂၄ ပြည်တစ်အိတ်ကို ၈၅၀၀၀ ကျပ်အထိ မြင့်တက်သွားပါတယ်။

” စိန်ငါးပွင့်ရွှေဘိုပေါ်ဆန်းအသစ် ၂၄ ပြည်တစ်အိတ်ကို ၁၂၂၀၀၀ ပါ။သင်္ကြန်ပြီးမှ ခုန်တက်သွားတာပါ။ တချို့ဆိုင်တွေဆို ဆန်ပြတ်တာတွေတောင်ရှိတယ် “လို့ ဆန်အရောင်းဆိုင်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

နောက်ပြီးပြည်တွင်းစားသုံးမှုများတဲ့ တောင်ပျံမွှေး၊ကျားပျံ၊ဖျာပုံပေါ်ဆန်း၊သီးထပ်ရှယ်၊သီးပု၊ ရက် ၉၀ ဆန်၊မှော်ဘီ၊ ကျောက်ရွေး စတဲ့ ဆန်အမျိုးအစားတိုင်း စျေးနူန်းတွေမြင့်တက်သွားတယ်လို့ သိရပါတယ်။

အခုလို ဆန်စျေးတွေတက်လာတာဟာ ပြည်တွင်း စားသုံး ဆန်စျေးနှုန်း မြင့်တက်စေဖို့ ရည်ရွယ်ချက်နဲ့ဆောင်ရွက်နေသူတွေ ရှိနေတာကြောင့် ဆန်စျေးနှုန်း တည်ငြိမ်စေဖို့အတွက် ပစ္စည်းမှန်၊ စျေးနှုန်းမှန် ၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်းဆောင်ရွက်သွားဖို့ ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်၊ ဆန်စက်ပိုင်၊ ဆန်ကုန်သည်၊ ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကအသိပေးပြောဆိုထားတာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #ဆန်စပါးစျေးကွက် #ရုတ်တရက်မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW