ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ် စံချိန်တင်မြင့်တက်လာ

စတော့ဟုမ်း၊ ဧပြီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းစစ်အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၂၄ ထရီလီယံ သို့မဟုတ် ၃ ဒသမ ၇ ရာခိုင်နှုန်းထိ စံချိန်တင်မြင့်တက်လာကြောင်း ဆွီဒင်သုတေသနအဖွဲ့တဖွဲ့က ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ ၁၉၈၈ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုနဲ့ အရှေ့အာရှမှာ တင်းမာမှုတွေမြင့်တက်လာခြင်းက စစ်အသုံးစရိတ်တိုးလာဖို့ တွန်းအားပေးနေကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယူကရိန်းရဲ့ စစ်အသုံးစရိတ်ဟာ ယမန်နှစ်ကထက် ၆၄၀ ရာခိုင်နှုန်းမြင့်တက်လာပြီး ရုရှားရဲ့ စစ်အသုံးစရိတ်မှာ ခန့်မှန်းခြေ ၉ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာကာ ဒေါ်လာ ၈၆ ဒသမ ၄ ဘီလီယံထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ရုရှားနဲ့နီးတဲ့နိုင်ငံအချို့ဟာလည်း သူတို့ရဲ့စစ်အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲနေပြီး ဖင်လန်က ၃၆ ရာခိုင်နှုန်း၊ လစ်သူယေးနီးယားက ၂၇ ရာခိုင်နှုန်းနဲ့ ဆွီဒင်က ၁၂ ရာခိုင်နှုန်းတိုးလာပါတယ်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ စစ်အသုံးစရိတ်အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ်စုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်းရှိပါတယ်။ ကမ္ဘာ့အင်အားကြီး အမေရိကန်၊ တရုတ်နဲ့ ရုရှားသုံးနိုင်ငံရဲ့ အသုံးစရိတ်ကတော့ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ်စုစုပေါင်းရဲ့ ၅၆ ရာခိုင်နှုန်းထိရှိနေပါတယ်။

ဂျပန်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ကြားမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းတိုးလာပြီး ၁၉၆၀ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref:NHK
Photo:Reuters

#voiceofmyanmar #VOM ကမ္ဘာလုံးဆိုင်ရာ #စစ်အသုံးစရိတ်မြင့်

Related posts

Leave a Comment

VOM News

FREE
VIEW