စစ်တွေမြို့အတွင်းကို မုန်တိုင်းဒီရေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံတွေ ပိတ်မိတာတွေရှိနေ

မေ ၁၄ – ၂၀၂၃
SN (VOM)

စစ်တွေမြို့၊ မြစ်ကမ်းနားဖက် မိဇံရပ်ကွက်အတွင်းကို မုန်တိုင်းဒီရေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံတွေ ပိတ်မိတာတွေရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့ မေ ၁၄ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်က စတင်ပြီး ပင်လယ်ဒီရေတွေ တက်နေတာဖြစ်ပြီး အမြင့် သုံးပေအထိ ရှိနေပြီဖြစ်ကာ အဲဒီရပ်ကွက်အတွင်းက ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

“လက်ရှိ အခြေအနေကတော့ ဘယ်လိုမှ ပြောလို့မရလောက်တဲ့ အခြေအနေဖြစ်သွားပြီ။ အိမ်မှာ လူကြီးတွေချည်းပဲ ၃ ယောက်ကျန်ခဲ့တယ်။ လူကြီးတွေဆိုတော့ ရွှေ့ပြောင်းမယ်ပြောတာ ဘယ်လိုမှမပြောင်းကြဘူး၊ ပြောလို့မရဘူး။ ကျွန်မတို့အိမ်ကနှစ်ဆင့်၊ ကမ်းနားဘက်မှာ။ ရေက လှေကား ၄ ထစ်ကိုတက်သွားပြီ။ အိမ်အောက်နေဆိုရင် ရေက လူတစ်ရပ်စာပြည့်နေတာ။ နောက် လှေကားနှစ်ထစ်ဆိုရင် လူနေလို့မရတော့ဘူး။ အခုက လှေကားနှစ်ထစ်ပဲ ကျန်တော့တယ်။ ခေါင်ကလည်း ပွင့်သွားပြီ။ အခု အိမ်ကလူတွေနဲ့လည်း ဖုန်းအဆက်အသွယ်မရတော့ဘူး၊ တစ်နာရီလောက်ရှိပြီ။ လွန်ခဲ့တဲ့ တစ်နာရီက ဖုန်းဆက်ကြည့်တာ ကမ်းနားဆိုတော့ ရေက ပင်လယ်ကြီးနဲ့ တပြေးညီ ဖြစ်သွားပြီတဲ့။ လူကြီးတွေက အကူညီတောင်းပါဦး၊ ငါတို့ သွားလို့လာလို့ရအောင် အကူညီတောင်းပါဦးဆိုတာနဲ့ အကူညီတောင်းတာလည်း ကူညီမယ့်သူတွေကို ဖုန်းဆက်လို့ မရတော့ပြန်ဘူး။ အခု ဘာမှမကျန်တော့ဘူး။ အိမ်ရှေ့က ဓါတ်မီးတိုင်တွေရော အကုန်ကျိုးတာ” လို့ ကျောက်တော်ရွာအဝင်မှာ မုန်တိုင်းရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရေဝင်ရောက်ရာနေရာတွေမှာ ဒေသခံ ရာနဲ့ချီ ပိတ်မိနေပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတဲ့အတွက် အရေးပေါ်ကယ်ဆယ်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတိုက်နယ်က ရင်းရှည်ဆည်လည်း ရေမှတ် ၆၀၂ ပေထက် ၅ ပေ ကျော်နေပြီး ရေကျော်နေတာကို သိရှိနိုင်ဖို့ အလံနီထောင်ကာ အချက်ပြထားပြီး တမံပေါ်မှ ရေထပ်မကျော်ဖို့ သဲအိတ်တွေ ကာရံထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကျင်းသီပေါ် ရွာတွင်း အနိမ့်ပိုင်းရှိ နေအိမ်အချို့အတွင်း ၃ ပေ ၄ ပေခန့် ရေ၀င်ရောက်လျက်ရှိပြီး မီးသတ်ဦးစီးဌာနမှ ရွှေ့ပြောင်းပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဒါန်းရှိ အနိမ့်ပိုင်းအိမ်တွေနဲ့ ရင်းရှည်ဆည်မှ ရေလွှတ်သော ချောင်းဘေးတလျှောက်ရှိအိမ်တွေလည်း ၄ ပေမှ ၅ ပေခန့် ရေ၀င်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုခါမုန်တိုင်း #စစ်တွေ #ပိတ်မိသူတွေရှိ

Related posts

Leave a Comment

VOM News

FREE
VIEW