မိုခါမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အကြီးဆုံး MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီး သံတွဲလေဆိပ်အပါဝင် နေရာအချို့မှာ ပျက်စီးမှုတွေ ဖြစ်ပေါ်

မေ ၁၄ – ၂၀၂၃
SN (VOM)

အားအလွန့်အလွန်ကောင်းတဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မေ ၁၄ ရက် (ဒီနေ့) မနက်ပိုင်းကစတင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အကြီးဆုံး MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီး သံတွဲလေဆိပ်အပါဝင် နေရာအချို့မှာ ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဒီနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့ မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းနဲ့အတူ MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ MPT ဖုန်းလိုင်းနဲ့ အခြားလိုင်း အားလုံး ဖုန်းလိုင်းမိနေပေမယ့် လိုင်းတော့ ကောင်းမွန်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် မနက် ၉ နာရီ မိနစ် ၂၀ အချိန်ဝန်းကျင်ကလည်း တစ်နာရီ ၆၅ မိုင်ခန့်နီး ပါး လေတိုက်ခတ်ပြီး တစ်ခါတစ်ရံ မိုးရွာတဲ့အတွက် သံတွဲလေဆိပ်၊ VIP Lounge ရှေ့ဆင်ဝင်ရဲ့ ဘယ်ဘက်နဲ့ ရှေ့နဖူးစီး ကာရံထားတဲ့ အလျား ၁၆ ပေ ၊အမြင့် ၅ ပေ ခန့်ရှိ Composite အပြား ပြုတ်ကျခဲ့ကာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ မုန်တိုင်းအရှိန်ကြောင့် ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ ဒီရေတောအတွင်း ရပ်ထားတဲ့ စက်လှေ ၅ စီး နစ်မြုပ်ပြီး ကျူးကျော်တဲအိမ်တွေလည်း ပျက်စီးခဲ့ကာ အစိုးရရပ်ကွက်၊ ဗိုလ်ငမောက်လမ်းရှိ လျှပ်စစ်ဓာတ်တိုင်တွေနဲ့ သစ်ပင်တွေလည်း လဲကျခဲ့တယ်လို့ သိရပါတယ်။

“လေတိုက်နှုန်းက ပိုပြီး အားကောင်းလာနေပြီ။ အပျက်အစီး ဒီ့ထက် ပိုများဖို့ရှိတယ်။ အခြေအနေ တော်တော်ဆိုးတယ်” လို့ ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီလိုပဲ ဂွမြို့နယ်၊ ရွှေဦးကွင်းကျေးရွာအုပ်စု၊ ရွှေဦးကွင်းကျေးရွာမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အလုံး ၇၀ လုံးခန့် (သွပ်မိုး၊ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းအိမ်များ)၊ ဓမ္မပါလဘုန်းကြီးကျောင်းနဲ့ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းတို့မှ ခေါင်မိုးသွပ်တွေ လန်ခဲ့သလို ၄၀၀ ဗို့ ဓာတ်အားလိုင်းတိုင်လည်း ကျိုးကျပျက်စီးခဲ့ပြီး ခန့်မှန်ဆုံးရှုံးမှုတန်ဖိုး ၂၁၆ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကာ လူ၊ တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် သံတွဲမြို့၊ အမှတ် (၄) ရပ်ကွက် (ဗိုလ်ကုန်း) ရှိ အိမ်အမိုး သွပ်အချပ် (၂၀) ခန့်လန်သွားခဲ့ကာ အိမ်ရှေ့ရှိ သစ်ပင် နှစ်ပင်လဲပြိုပြီး ပန်းခြံအနီးရှိ သစ်ပင် သုံးပင်လဲကျမှုလည်း ဖြစ်ပွားခဲ့သလို ဂွမြို့၊ ချယ်ရီလမ်းရှိ 315 kVA ထရန်စဖော်မာ နှစ်တိုင်စင် ကျိုးကျပျက်စီးမှုလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #မိုခါမုန်တိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW