သာကေတမြို့နယ်က ကြယ်စင်လင်းရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်းထောင်နဲ့ချီတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွား

မေ ၁၃ – ၂၀၂၃
GG (VOM)

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၄ဝဝဝ ဝန်းကျင် တန်းဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားမှု ဒီနေ့မေလ ၁၃ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓားပြတိုက်ခံခဲ့ရတဲ့ ရွှေဆိုင်က သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်၊ ၁၀ စျေးရှေ့မှာ ဖွင့်ထားတဲ့ “ကြယ်စင်လင်းရတနာရွှေဆိုင် ” ဖြစ်ကြောင်း ၊ ဓားပြတိုက်သူတွေဟာ ရွှေဆိုင်ကို သေနတ်နဲ့ ခြိမ်းခြောက်ကာ လုယက်သွားတာဖြစ်တယ်လို့်သိရပါတယ်။

” အခုမနက် ၁၀ နာရီကျော်လောက်က ဖြစ်တာ၊ သူတို့ဆိုင် ဖွင့်ပြီး မကြာဘူး ဓားပြတိုက်ခံရတာ ။ ပရိုဘောက်စ်ကားနဲ့ရောက်လာပြီး ဓားပြတိုက်သွားတာ။ လူက၄ယောက်၊ မက်ခ်တွေတပ်ထားတယ်။ဓားပြတိုက်ပြီး ဆိုင်ဘက်က သတင်းကြားရတာတော့ သိန်း ၄၀၀၀ ဖိုးလောက်ပစ္စည်းတွေပါသွားတယ်ပေါ့။ ” လို့ သာကေတမြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။

ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပြီး ဓားပြတိုက်သူတွေကို ရှာဖွေနေပေမယ့် လက်ရှိအထိတော့ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။

ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းကလည်း ရှမ်း​ပြည်နယ် ၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာက “ပြည့်ဝ “ရွှေဆိုင်ကို အမည်မသိအမျိုးသားတစ်ယောက်က သေနတ်ပြချိန်းခြောက်ပြီး ရွှေထည်ပစ္စည်းအချို့လုယူခံခဲ့ရပေမယ့် ပစ္စည်းရော လုယက်သူကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူ ဧပြီလ ၁၉ ရက်နေ့ကလည်းမန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)စျေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၂၇၀၀ တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွှေဆိုင်ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW