မိုခါမုန်တိုင်းကြောင့် မကွေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၅ ခုက စိုက်ခင်း ၆၀၀၀၀ ကျော်ပျက်စီးခဲ့လို့ တောင်သူတွေ ဒုက္ခရောက်နေ

မေ ၂၅ – ၂၀၂၃
GG (VOM)

မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ စိုက်ခင်းသီးနှံ ဧကပေါင်း ၆၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့လို့ တောင်သူတွေဆုံးရှုံးမှုများပြီး ဒုက္ခရောက်နေကြတယ်လို့သိရပါတယ်။

စိုက်ခင်းသီးနှံ ဧကတွေ ပျက်စီးခဲ့တာက ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ ဧရာဝတီတိုင်း ၊စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေမှာဖြစ်ပါတယ်။

အဆိုပါ စိုက်ခင်းပျက်စီးမှုတွေထဲမှာ မကွေးတိုင်းထဲက ပျက်စီးဆုံးရှုံမှုးအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် ကဒုတိယပျက်စီးမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။

” ရစရာကိုမရှိပါဘူး။မုန်တိုင်းထွက်တော့လည်း နုန်းတွေကျန်ခဲ့တယ်၊ဆင်ဖြူကျွန်း စိမ်းစိမ်းစိုစိုစျုက်ခင်းတွေကနေ နွံတွေဖုံးပြီး မြေပြင်ကြီးကျန်ခဲ့တယ်။နှမ်းခင်းတွေ ပဲခင်းတွေ အကုန်ပျက်ပါတယ်ဗျာ။ခရမ်းခင်း၊ရုံပတီခင်း ပြောင်သွားတယ်။ဆောင်းတုန်းက ရတာလေး နွေပဲခင်း နှမ်းခင်း အကုန်ပြန်ထည့်ထားရတာ အကုန်ပျက်စီးတော့ ဆုံးရှုံးမှုကအရမ်းကြီးတယ်။ပဲတွေ ကောက်ရခါနီးမှဖြစ်သွားတာ ရစရာကိုမရှိတော့ဘူး အကုန် ကုန်ပါပြီ ” လို့ ရေနစ်မြုပ်ခံခဲ့ရတဲ့ ဆင်ဖြူကျွန်းမြို့နယ်က တောင်သူတစ်ဦးကပြောပါတယ်။

မကွေးတိုင်းမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် ရေနစ်မြုပ်ခဲ့လို့ နွေစပါးစိုက်ခင်း ၁၀၉ ဧက၊ နွေနှမ်း စိုက်ခင်း ၄၉၅၆၉ ဧက ၊ဆောင်းနေကြာစိုက်ခင်း ၈ ဧကနဲ့ မိုးနေကြာ စိုက်ခင်း ၂၂ ဧက၊ မိုးပဲတီစိမ်းစိုက်ခင်း ၆၇၆၆ ဧက ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ငှက်ပျောစိုက်ခင်း ၆၀၅ ဧက၊ကွမ်းသီးပင် ၁၃၄၅ ဧက၊ကွမ်းရွက်စိုက်ခင်း ၅၈ ဧကဓနိပင် ၂၃၁ ဧက ၊ သစ်သီးဥယျာဥ်စိုက်ခင်း ၁၇၀၉ ဧက ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာက နွေနှမ်းစိုက်ခင်း ၃၅၀ ဧက ၊မိုးပဲတီစိမ်းစိုက်ခင်း ၁၇ ဧက ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာက နွေနှမ်း၉၀၂ ဧကနဲ့ မိုးပဲတီစိမ်းစိုက်ခင်း ၁၀၆၅ ဧက ပျက်စီးခဲ့ကာ ဧရာဝတီတိုင်းမှာတော့ ငှက်ပျောစိုက်ခင်း ၇၅ ဧက ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

” အိမ်တွေလည်း အကုန်ပျက်စီးကုန်တယ်၊စိုက်ခင်းတွေလည်းပျက်စီးတယ်၊အိမ်မှာရှိတဲ့ တိရိစ္ဆာန်တွေလည်းပျက်စီးတယ်။ဆုံးရှုံးမှု တအားကိုကြီးပါတယ်။အခုပြန်လည်ထူထောင်ရေးတွေထဲမှာက စားဝတ်နေရေးအတွက်လောက်ပဲ ပါတယ်။ကျမတို့ စီးပွားရေးတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့ မပါသေးဘူး။အဲ့ဒီအတွက် ဘဝအတွက် ကျမတို့လုပ်ငန်းလုပ်ဖို့အရင်းအနှီးတွေလည်းလိုအပ်နေပါတယ်။” လို့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ရေကြီး ရေနစ်မြုပ်မှုတွေဖြစ်ပြီး စိုက်ခင်းတွေ ပျက်စီးလို့ ဧကအရေအတွက် ၁၀ ဧကလောက် စိုက်ပျိုးထားတဲ့တောင်သူတစ်ဦးမှာ စိုက်ခင်းကုန်ကျစရိတ်အရင်းအနှီးက ငွေကျပ် သိန်း ၄၀ လောက်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

ရေနစ်မြုပ်ပျက်စီးခဲ့ရတဲ့ သီးနှံစိုက်ခင်းတွေကတော့ ပဲတီစိမ်းစိုက်ခင်း ၊ မတ်ပဲ စိုက်ခင်း ၊ နေကြာ စိုက်ခင်း၊ နွေစပါးစိုက်ခင်း၊ နှမ်းစိုက်ခင်း၊ငှက်ပြောခင်း၊ ကွမ်းသီး၊ကွမ်းပင်၊ဓနိပင် စတဲ့ ယာသီးနှံစိုက်ခင်းတွေ ဖြစ်တယ်လို့သိရပါတယ်။

သီးနှံစိုက်ခင်းတွေအပြင် နေအိမ်တွေမှာ သိုလှောင်ထားတဲ့ ဆန် ၊ စပါး၊ ပဲ အပါအဝင် စတဲ့ စားသောက်ကုန်ပစ္စည်းတွေလည်း ရေနစ်မြုပ်ပြီး ပျက်စီးတာ၊ ရေစီးနဲ့မျောပါတာတွေကြောင့် ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းမှာ တိရစ္ဆာန် ၅၃၁၉၁၃ ကောင်လည်း သေဆုံးမှုရှိခဲ့တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #မိုခါမုန်တိုင်း #သီးနှံပျက်စီးမှု #တောင်သူအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW