သတိပြုရမယ့် မိုးကြိုးအန္တရာယ်

SN (VOM)

ရာသီဥတုကပေးတဲ့ သဘာဝအန္တရာယ်တွေထဲမှာ မိုးနဲ့အတူ အမြဲယှဉ်တွဲ ပါလာတာကတော့ မိုးကြိုးအန္တရာယ်ပါ။ တကယ်တော့ မိုးကြိုးအန္တရာယ်ဟာ တရားလွန် ကြောက်လန့်နေဖို့ မလိုပေမယ့် ဆင်ခြင်စရာ၊ ကာကွယ်စရာရှိတာတွေကို မလိုက်နာနိုင်ရင်တော့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်သလို အသက်အန္တရာယ်က လွတ်ခဲ့ရင်တောင် ကိုယ်တွင်းအင်္ဂါစနစ်တွေမှာ နောက်ဆက်တွဲ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကျန်စေနိုင်တယ်လို့ သိရပါတယ်။

မိုးကြိုးပစ်ခတ်မှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ တစ်စက္ကန့်ကို မိုးကြိုးအကြိမ်တစ်ရာနီးပါး ရှိတယ်လို့ သိရပါတယ်။ မိုးကြိုးဆိုတာ မိုးတိမ်တောင်တွေက ပါလာတဲ့ ရေမှုန်ရေမွှားတွေ ကမ္ဘာ့လေထုအတွင်း ပွတ်တိုက်ခြင်းကြောင့် လျှပ်စီးကြောင်းတွေ ဖြစ်လာပြီး အဲ့ဒီ့ လျှပ်စီးကြောင်း လျှပ်ကူးတဲ့အခါ “မိုးကြိုးပစ်ခြင်း”ကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

တိမ်တိုက်အချင်းချင်း လျှပ်စီးကူးခြင်းဖြစ်သလို တိမ်တိုက်၊ မြေပြင်က အရာဝတ္ထုတွေနဲ့ ကမ္ဘာမြေကြီးအကြား လျှပ်စီးကူးတတ်တဲ့အတွက် မိုးကြိုးပစ်ခြင်း ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။

လျှပ်စီးကြောင်းကြီးတွေ ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်တဲ့ ဖြစ်စဉ်တွေမှာ လျှပ်စစ်ဓာတ်အားဟာ ဗို့အား သန်း ၁၀၀ အထိရှိတယ်လို့ သိရပါတယ်။ မိမိတို့နေအိမ်မှာ ချက်ပြုတ်တဲ့ လျှပ်စစ်မီးဖိုတွေဟာ အများဆုံး ဗို့အား ၁၂၀၀ သာရှိပါတယ်။

မိုးကြိုးဖြစ်စဉ်ကနေ သန်းနဲ့ချီတဲ့ ဗို့အားနဲ့ ထိတွေ့လိုက်တဲ့အခါ အရာအားလုံး အစိတ်စိတ်အမွှာမွှာ မီးလောင်တိုက် သွင်းခံလိုက်ရသလိုဖြစ်ပြီး လျှပ်စစ်စက်ကွင်းထဲ ရောက်မိတဲ့ သစ်ပင်အပါအဝင် အရာဝတ္ထုတွေ ထက်ပိုင်းကျိုးကာ မီးသင့်ခြင်းကိုဖြစ်ပေါ်စေတဲ့အပြင် သက်ရှိသတ္တဝါတွေမှာလည်း အသက်သေဆုံးသည်အထိ ဖြစ်ရတယ်လို့ သိရပါတယ်။

ဗို့အား သန်း ၁၀၀ ရှိတဲ့ လျှပ်စီးကြောင်းဟာ လေထုကို အပူဓာတ်စုစုပေါင်း ဒီဂရီစင်တီဂရိတ် သုံးသိန်းကျော်အထိ ဖြစ်လာစေပါတယ်။ ဒီဖြစ်စဉ်ကြောင့် ပြင်းထန်တဲ့ မိုးခြိမ်းသံကြီးနဲ့အတူ တောက်ပတဲ့ လျှပ်စီးကြောင်းတွေကို မြင်ကြရပါတယ်။ မိုးတိမ်တောင်အဖြစ်များတဲ့ မိုးဦးကျနဲ့ မိုးအကုန် ဆောင်းအကူးကာလတွေမှာ မိုးကြိုး အများဆုံး ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုးဘေးအန္တရာယ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ခန့်ကစလို့ ပိုမိုများပြားလာခဲ့ရာမှာ ပဲခူးတိုင်ဟာ မိုးကြိုးဘေးအန္တရာယ်ကို အများဆုံးကြုံတွေ့ခဲ့ရပြီး ၂၀၁၁ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း မိုးကြိုးကြောင့် ဒေသတွင်းနေ လူ ၁၅၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မိုးကြိုးအန္တရာယ်ကို မိုးကြိုကာလ၊ မိုးတွင်းကာလနဲ့ ရုတ်တရက် ရာသီဥတုဖောက်ပြန်တဲ့ အချိန်တွေမှာ သတိပြုကြဖို့ ပညာရှင်တွေက သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုးအများဆုံးပစ်တဲ့ အချိန်ဟာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလ၊ မိုးနှောင်းကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့ဖြစ်ပြီး တစ်နေ့တာအတွင်း မွန်းတည့်ချိန်မှစလို့ ညနေ ၆ နာရီခန့်အထိ မိုးကြိုးအပစ်များတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူသေဆုံးမှု ရာနဲ့ချီရှိနေပြီး အများစုဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ ကျေးလက်နေ ပြည်သူတွေဖြစ်တဲ့အလျောက် အခုလို မိုးကြိုကာလနဲ့ လာမယ့် မိုးနှောင်းကာလတို့မှာ မိုးကြိုးအန္တရာယ်ကို သတိပြုကြရတော့မှာ ဖြစ်ပါတယ်။

မိုးကြိုကာလတွေဖြစ်တဲ့ ဧပြီ၊ မေ နဲ့ မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာလတွေဟာ မိုးကြိုးဘေး အမြင့်ဆုံးကာလတွေ ဖြစ်ပါတယ်။ မိုးကြိုကာလအတွင်း အနောက်တောင်မုတ်သုံလေ တည်ငြိမ်မှုမရှိသေးချိန် မိုးကြိုးလျှပ်စီးတွေ ဖြစ်ပေါ်စေတဲ့ မိုးတိမ်တောင်ဖြစ်ပေါ်မှုတွေ များပြားတတ်ပါတယ်။ ဒါပေမယ့် မိုးဦးကာလ ဇွန်လလယ်လောက်ရောက်ပြီး မိုးကောင်းလာပြီဆိုရင်တော့ မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေ မရှိသလောက်နည်းသွားတယ်လို့ သိရပါတယ်။

“မိုးကြိုးပစ်ခြင်းဖြစ်ပေါ်မှုရဲ့ အဓိကအချက်က မိုးတိမ်တောင်တွေကနေဖြစ်တာပါ။ မိုးတိမ်တောင်တွေဟာ လေထုမတည်ငြိမ်မှု အားကောင်းတဲ့အခါ၊ လေထုအထက်ပိုင်းအထိ ရေငွေ့များများရှိနေတဲ့အခါ မွန်းလွဲ၊ ညနေပိုင်းတွေမှာ အဖြစ်များပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ၊ အလယ်ပိုင်းဒေသတွေက မေလမှာ ဖြစ်ပေါ်မှုများပါတယ်။ မြောက်ပိုင်းဒေသတွေက ဇွန်လမှာ အကြိမ်ရေပိုများတာ လေ့လာတွေ့ရှိရပါတယ်။ အကြောင်းကတော့ မုတ်သုံလေ ဝင်ရောက်တဲ့အချိန်ကာလ သီတင်းပတ်က ပိုပြီးဖြစ်ပေါ်လေ့ရှိတာကြောင့် ဖြစ်ပါတယ်” လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

မိုးနှောင်းကာလ စက်တင်ဘာလကတော့ ဆောင်းရာသီကို ကူးပြောင်းမယ့် အချိန်ကာလဖြစ်တာကြောင့် မိုးကြိုကာလလို မိုးကြိုးအန္တရာယ် သိပ်မများနိုင်ပေမယ့် မုတ်သုံပြန်ဆုတ်မှာဖြစ်တဲ့အတွက် အဲ့ဒီအချိန်မှာ လျှပ်စီးလက်ပြီး နေရာကွက်ကာ မိုးကြီးနိုင်သလို မိုးကြိုးတွေလည်း ပစ်နိုင်တာကြောင့် မိုးနှောင်းကာလမှာလည်း မိုးကြိုးအန္တရာယ် သတိပြုရမှာဖြစ်တယ်လို့ သိရပါတယ်။

“နောက်ထပ် အများဆုံး မိုးကြိုးပစ်တဲ့အချိန်ကတော့ မုတ်သုံလေဆုတ်ခွာချိန် စက်တင်ဘာလ၊ အောက်တိုဘာလဖြစ်ပါတယ်။ မိုးခြိမ်းနေတယ်ဆိုတာနဲ့ သတိထားသင့်ပါတယ်။ လုံခြံရာဘေးကင်းတဲ့ အဆောက်အဦမှာ နေသင့်ပါတယ်” လို့ သူက ပြောပါတယ်။

မိုးကြိုနဲ့ မိုးနှောင်းကာလတွေမှာ မိုးကြိုးဘေးကို အများဆုံးသတိပြုရမှာ ဖြစ်ပေမယ့် မိုးဦး၊ မိုးလယ်ကာလတွေမှာလည်း မုတ်သုံအားလျော့ပြီး မိုးပြတ်ပါက မိုးကြိုးဘေးကို သတိပြုရမှာဖြစ်တယ်လို့ သိရပါတယ်။

မိုးကြိုးပစ်မှုဖြစ်စဉ်တွေဟာ မိုးထစ်ချုန်းရွာသွန်းခြင်းနဲ့ လျှပ်စီးလက်ခြင်း ဖြစ်ပေါ်နေချိန်တွေမှာ လယ်ကွင်းထဲ အလုပ်လုပ်နေစဥ်၊ နေအိမ်တံစက်မြိတ်မှာ မိုးရေချိုးနေစဥ်၊ နေအိမ်ထဲမှာ ရေဒီယိုနားထောင်နေစဥ်၊ အိမ်ထဲမှာ ဖုန်းနဲ့ အင်တာနက် အသုံးပြုနေစဥ်၊ ဖုန်းပြောနေစဥ်နဲ့ သစ်ပင်အောက်မှာ မိုးခိုနေစဥ် စတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လေ့ရှိတယ်လို့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ မိုးလေဝသပညာရှင်တစ်ဦးက “တောင်သူတွေအနေနဲ့ ဘာသတိပြုရမလဲ ဆိုတော့ ကိုယ်သည် လယ်ကွင်းထဲမှာ တစ်ယောက်တည်း ရှိတဲ့အတွက် စပါးပင်တွေထက်မြင့်နေတယ်။ မိုးကြိုးသည် အမြင့်ဆုံးနေရာ ထိပ်ဆုံးကိုပစ်တယ်။ ဒါကြောင့် လယ်ကွင်းထဲမှာ လျှပ်စီးလက်ပြီဆိုရင် ကိုယ်ကိုဝပ်ချလိုက်ပါ။ အပင်တွေထက်နိမ့်အောင် ဝပ်ပါ။ တကယ်လို့ လယ်ကွင်းထဲမှာ မိုးရွာလို့ မိုးခိုမယ်ဆိုရင်လည်း သစ်ပင်ဘေးမှာ သူ့ထက်မြင့်တဲ့အပင်တွေရှိရင်တော့ နိမ့်တဲ့အပင်ကိုရွေးခိုပါ။ ဒါပေမယ့် တစ်ပင်တည်း ထီးထီးကြီးရှိနေတဲ့ သစ်ပင်ကိုတော့ မခိုပါနဲ့” လို့ ပြောပါတယ်။

မိုးကြိုကာလအတွင်း မိုးရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်ပြီး မိုးကြိုးဘေးအန္တရာယ် ကျရောက်လာနိုင်တဲ့ အခြေအနေမှာ လယ်ယာ၊ ချောင်း၊ မြောင်း၊ အင်း စတဲ့ နေရာတွေမှာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်နေကြသူတွေ အနေနဲ့ ကွင်းပြင်၊ ရေပြင်တို့မှာ ထီးထီးကြီးမနေဘဲ အဆောက်အအုံတွေထဲကို အမြန်ဆုံးခိုဝင်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြောင်းတွေ၊ ချိုင့်ဝှမ်းတွေနဲ့ နိမ့်တဲ့နေရာတွေမှာ ဝပ်နေခြင်း၊ ကွင်းပြင်မှာ လူစုလူဝေးနဲ့ဖြစ်နေရင် သီးခြားစီဖြန့်ခွဲပြီးနေခြင်း၊ ကွင်းပြင်မှာ ရောက်ရှိနေရင် ဆောင့်ကြောင့်ထိုင်ပြီး ဒူးနှစ်ဖက်ပေါ်တွင် လက်တင်ခေါင်းငုံ့ထားခြင်း၊ ဆံပင်များထောင်နေတယ်လို့ စတင်ခံစားလာရတဲ့အခါ မိုးကြိုးပစ်တော့မယ့် လက္ခဏာဖြစ်တဲ့အတွက် ဒူးထောက်ချလိုက်ပြီး ဒူးပေါ်သို့ လက်နှစ်ဖက်ကို ယှက်တင်ကာ ခန္ဓာကိုယ်ကို ကွေးညွတ်ထားခြင်းဖြင့် မိုးကြိုးအန္တရာယ်ကနေ ရှောင်ရှားနိုင်တယ်လို့ သိရပါတယ်။

“အိမ်ထဲမှာဆိုရင်လည်း တံခါးပေါက်တွေ၊ ပြင်တင်းပေါက်တွေ စတဲ့ မိုးကြိုးလာတဲ့ လမ်းကြောင်းနဲ့ ဝေးအောင်နေပါ။ မီတာပုံးတွေ၊ အထူးသဖြင့် လျှပ်စစ်ပစ္စည်းတွေ တတ်နိုင်ရင် လျှပ်စစ်ပစ္စည်းတွေကို မိန်းချနိုင်ရင်ချ မချနိုင်ရင် ရိုးရိုးပိတ်လို့ မရဘူး။ ပလပ်တွေကို ဆွဲဖြုတ်ထား။ အတတ်နိုင်ဆုံး လျှပ် မစီးအောင် ပလပ်တွေပါဖြုတ်ထားရမယ်။ အတတ်နိုင်ဆုံးရှောင်ရှားတဲ့အနေနဲ့ လျှပ်စီးနိုင်တဲ့ ပစ္စည်းအားလုံးကို ပိတ်ထားပါ” လို့ သူက ပြောပါတယ်။

မှတ်တမ်းတွေအရ မြန်မာနိုင်ငံတဝန်း လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ မိုးကြိုကာလတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွင်း မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းနဲ့ လေပြင်းအန္တရာယ်တွေကို သိသိသာသာ ဆက်တိုက် ကြုံလာရတယ်လို့ သိရပါတယ်။ မိုးကြိုးထိမှန်ခြင်းကြောင့် ဘုရားစေတီတော်တွေ မြေခခြင်း၊ နေအိမ်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခြင်း၊ လူနဲ့ တိရစ္ဆာန်တွေ မိုးကြိုးထိမှန်သေဆုံးခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါတယ်။

အနီးစပ်ဆုံးဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် မေလ ၂၄ ရက်က ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ လေပြင်းတိုက်ခတ်မှုစဉ်မှာ လုံးခင်းကျေးရွာက ကုမ္ပဏီဝန်ထမ်းတစ်ဦးနဲ့ မမုံကျေးရွာက ကျောက်စိမ်းရှာဖွေတဲ့ လုပ်ငန်းခွင်တစ်ခုက အမျိုးသားတစ်ဦးတို့ မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။

အဲ့ဒီ့လိုပဲ မေ ၂၅ ရက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သရက်ကုန်းကျေးရွာမှာ နေအိမ်တစ်လုံး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အဲ့ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင် မိုးသည်းထန်စွာရွာသွန်းချိန်က ကျိုက်ထိုမြို့နယ်၊ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ထိုင်တော်မူဘုရားအနီး ရော်ဘာခြံရှိ နေအိမ်အတွင်း ဇနီးဖြစ်သူနဲ့အတူရှိနေစဥ် မိုးကြိုးပစ်ခံခဲ့ရတာဖြစ်ပြီး ဇနီးဖြစ်သူမှာလည်း မိုးကြိုးစက်ကွင်း ထိခဲ့တာကြောင့် မီးလောင်ဒဏ်ရာလိုမျိုး ရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးကြိုးထိမှန်မှုကြောင့် တိရစ္ဆာန်သေဆုံးမှု ဖြစ်စဉ်တွေလည်း ရှိခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားစံပြကျေးရွာမှာ မေ ၈ ရက်၊ ညနေ ၅ နာရီခန့်က မိုးရွာနေတဲ့အချိန် စားကျက်ကနေပြန်လာတဲ့ နွားအုပ် မိုးကြိုးပစ်ခံရမှုကြောင့် နွား ၁၅ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၂၅ ရက်၊ ညနေ ၅ နာရီဝန်းကျင်အချိန်ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ မိုးကြိုးပစ်ခံရမှုကြောင့် ကျွဲ ၄ ကောင်နဲ့ နွား ၃ ကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့ကြောင့် မိုးကြိုကာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မွေးမြူထားတဲ့ တိရစ္တာန်တွေအပေါ် ကျရောက်နိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ကျေးရွာဒေသတွေဆီ သွားရောက်ပြီး စဉ်ဆက်မပြတ် အသိပေး နှိုးဆော်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

အခုလို မိုးကြိုကာလမှာ မိုးတိမ်တောင်တွေကြောင့် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ ရေဆင်နှာမောင်းတိုက်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ ပင်လယ်မီးစုန်းတောက်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ် ၁၀ မျိုး ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။

မိုးကြိုကာလတွေမှာ အနောက်တောင် မုတ်သုံလေဟာ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဝင်ရောက်လေ့ရှိတဲ့အတွက် ဒေသအလိုက် လေထုမတည်မငြိမ်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ မိုးတိမ်တောင်အန္တရာယ်ကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

မိမိတို့ဒေသ အနီးတစ်ဝိုက်မှာ မိုးခြိမ်းခြင်းနဲ့ လျှပ်စီးလက်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်နေတဲ့အခါ မိုးကြိုးပစ်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် အဲ့ဒီ့ အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့အတွက် လျှပ်စီးလက်ချိန်မှာ ရေသုံးစွဲခြင်း၊ ရေချိုးခြင်းမပြုလုပ်ဖို့ လိုအပ်သလို သတ္တုနဲ့ ဆက်စပ်ပစ္စည်းတွေမှာ လျှပ်စီးဝင်နိုင်တာကို သတိပြုရမှာဖြစ်ပြီး သံနဲ့ပြုလုပ်ထားတဲ့ အရာဝတ္ထုတွေနဲ့ ဝေးဝေးနေရမှာဖြစ်တယ်လို့ သိရပါတယ်။ အဆောက်အအုံတွေရဲ့ အလယ်မှာသာ နေရမှာဖြစ်ပြီး မိုးကြိုးလျှပ်စီးမှတစ်ဆင့် ဓာတ်လိုက်တတ်တာကြောင့် ရေပိုက်တွေနဲ့ ရေဆေးခွက်တွေအနီးမှာ မနေကြဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

မိုးသက်လေပြင်းကလည်း မှန်တွေကို ရိုက်ခတ် ပျက်စီးစေနိုင်တဲ့အတွက် မှန်ပြတင်းပေါက်၊ မှန်တံခါးတွေရဲ့ ဝေးဝေးမှာနေရမှာဖြစ်ပြီး တယ်လီဖုန်း ကြိုးလိုင်းမှတစ်ဆင့် မိုးကြိုးထိမှန်နိုင်တဲ့အတွက် ဖုန်းမသုံးဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။ လေထုမတည်မငြိမ်ဖြစ်လာတဲ့အခါ လျှပ်စီးကူးနိုင်တဲ့ပစ္စည်း (ဥပမာ ဟန်းဖုန်း၊ တီဗွီ၊ ရေဒီယို၊ ကွန်ပျူတာ၊ ကြည့်မှန်၊ ကက်ဆက်၊ ပန်းကန်ဆေးစက်၊ အဝတ်အခြောက်ခံစက်၊ စက်ယန္တရား) စတာတွေနဲ့ ဝေးရာမှာ နေထိုင်ရမှာဖြစ်ပြီး တီဗွီ၊ ရေဒီယို၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်မီးဖို၊ ကွန်ပျူတာ စတဲ့ လျှပ်စစ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ပလပ်ဖြုတ်ထားရမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေနဲ့ ဆင်ဝင်ပေါက်တွေအနီး နေထိုင်ခြင်း၊ ကွန်ကရစ်ခင်းတွေပေါ်မှာ လဲလျောင်းခြင်းတို့ကို ရှောင်ကျဉ်ရမှာဖြစ်ပြီး မိုးကြိုးအပစ်ရပ်ပြီးနောက် နာရီဝက်ကျော်ကြာမှ အိမ်အပြင်ကိုထွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မီးပျက်သွားတဲ့အခါ ဓာတ်မီး ဒါမှမဟုတ် အရေးပေါ်မီးတွေကိုသာ အသုံးပြုရမှာဖြစ်ပြီး မိုးကြိုးပစ်ခံရတဲ့ သစ်ပင်တွေ မီးလောင်တဲ့အခါ နေအိမ်တွေဆီ ကူးစက်နိုင်တာကြောင့် သတိထား ကြည့်ရှုနေထိုင်သင့်တယ်လို့ သိရပါတယ်။

ဝါယာကြိုးတွေ ပြတ်တောက်နေခြင်းကိုလည်း သတိထားရှောင်ရှားရမှာဖြစ်ပြီး တွေ့ရှိပါက သက်ဆိုင်ရာကို အမြန်ဆုံးသတင်းပို့ဖို့ လိုအပ်သလို ဘေးပတ်ဝန်းကျင်ကိုလည်း သတိပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မိုးကြိုးစက်ကွင်းထိထားတဲ့ လူနာတွေကိုလည်း ဆေးအကူအညီရရှိအောင် အမြန်ဆုံး ဆောင်ရွက်ရမှာဖြစ်ပြီး ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကို အထူးဂရုပြုကူညီဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အချုပ်အားဖြင့်ဆိုရရင် မိုးလေဝသဆိုင်ရာ ဘေးအမျိုးမျိုးရှိကြတဲ့အထဲ မိုးကြိုးဘေးက နေရာမရွေး၊ အချိန်အခါမရွေးဖြစ်တတ်သလို ဒီဘေးအန္တရာယ်ကို ကြိုတင်ပြီးတော့လည်း မသိနိုင်တဲ့အတွက် မိုးခြိမ်းသံကြားတဲ့အခါ မိမိနဲ့ ပတ်ဝန်းကျင်မှာ မိုးကြိုးအန္တရာယ် ရှိနိုင်ကြောင်း သတိထားကြဖို့ လိုအပ်ပါတယ်။

အထူးသတိပြုဖို့ကတော့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်ဖြစ်စဉ် ပိုပြီး အဖြစ်များတတ်တာကြောင့် အဲ့ဒီ့အချိန်တွေမှာ သတိနဲ့နေထိုင် သွားလာကြဖို့ လိုအပ်လှပါတယ်။

မိုးရာသီကာလမှာ မိုးကြိုးပစ်ခြင်းကြောင့် နှစ်စဉ် လူဦးရေ (၁၀၀) ကျော် သေဆုံးလေ့ရှိတဲ့အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ့စဉ်ထုတ်ပြန်လျက်ရှိတဲ့ မိုးလေဝသသတင်းတွေကို ဂရုတစိုက် နားထောင်ပေးကြဖို့နဲ့ သဘာဝဘေးအန္တရာယ်တွေကနေ ကင်းဝေးကြပါစေကြောင်း ရေးသား အကြံပြုလိုက်ရပါတယ်။ ။

Photo Crd -Original Uploader
#VOM #voiceofmyanmar #မိုးကြိုးအန္တရာယ် #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW