ချိပ်ပိတ်ခံရတဲ့ ပဲမျိုးစုံ တန်ချိန် ၁ သောင်းကျော်နဲ့ ဆေးဝါးကုန်ကြမ်းတွေကို လေလံတင်ရောင်းချဖို့ တရုတ်ဘက်က ပြင်ဆင်နေ

မေ ၃၁၊ ၂၀၂၃
Shy V(VOM)
 
မှောင်ခိုလမ်းကနေ တင်သွင်းလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ချိပ်ပိတ်ခံထားရတဲ့ မြန်မာကုန်သည်အများစုရဲ့ မြန်မာ့ပို့ကုန် ပဲတီစိမ်း တန်ချိန် ၁ သောင်းကျော်အပါအဝင် ပဲမျိုးစုံနဲ့ ဆေးဝါးကုန်ကြမ်းတွေ ကာလတန်ဖိုး ကျပ်သိန်းပေါင်း သုံးသိန်းဖိုးခန့်ကို တရုတ်ဘက်က လေလံတင် ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ မြန်မာကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
“စာတော့ထွက်ထားပြီ။ လေလံတော့ မဆွဲသေးဘူး။ ၆ လပိုင်းကုန်မှ ဆွဲမှာ။ အခုက သူတို့ စီစဉ်နေတာလေ၊ အဲဒီ ချိပ်ပိတ်ခံထားရတဲ့ ကုန်ပစ္စည်းတွေ နဲ့ပတ်သက်ပြီး မနေ့ မေလ ၃၀ ရက်နေ့က မန္တလေး ကုန်စည်ဒိုင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်”လို့ နယ်စပ်ကုန်သည် ၁ ဦး ကပြောပါတယ်။
 
လက်ရှိ တရုတ်ဘက်ခြမ်း ဝမ်တိမ်မှာ ချိပ်ပိတ်ခံထားရတဲ့အထဲ မြန်မာကုန်သည်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်းအများဆုံးဖြစ်ပြီး အသင်းရဲ့သမိုင်းမှာ သိန်းပေါင်း နှစ်သိန်းခွဲ သုံးသိန်းဖိုးလောက်ထိ ဆုံးရှုံးမှုကြီးတာက သက်တမ်းမှာ တခါမှ မရှိဖူးဘူးလို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ဥက္ကဋ္ဌ ဦးသက်တင်က အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
 
” လက်ရှိ ပိတ်ဆို့ထားတဲ့ တဖက်က စာရင်းအရကတော့ သိန်းပေါင်း နှစ်သိန်းကျော်လို့ အကြမ်းဖျင်းသိရပါတယ်။ ကျန်တဲ့ ဆေးဝါးကုန်ကြမ်း စာရင်းရော အတိအကျ မရတဲ့အတွက် စုစုပေါင်း တန်ဖိုး မြန်မာ ကျပ်ငွေ သိန်းပေါင်း သုံးသိန်းကျော်ကျော် ကျနော်တို့ ပိတ်ဆို့ခံထားရပါတယ်။” လို့ ကုန်သည် ၁ ဦးကလည်း ပြောပါတယ်။
 
မြန်မာကုန်သည်တွေအနေနဲ့ အခြေအနေအရ တရုတ်ဘက်ခြမ်း သွားရောက် တင်ပို့ရောင်းချရတာဖြစ်ပေမယ့် မှောင်ခိုမဟုတ်ကြောင်း ပဲမျိုးစုံ၊ နှမ်းတွေကို ဒီဘက်ကလည်း စီးပွားကူးသန်းက ED Form, အထောက်အထား အပြည့်အစုံနဲ့ ဝမ်တိန်ဂိတ်ကနေ အခွန်ဆောင်ပြီး ဝမ်တိန်ဂိုဒေါင်ကိုရောက်ရှိတာဖြစ်ကြောင်း သက်သေ အထောက်အထားတွေနဲ့ သက်ဆိုင်ရာ ဌာနအဆင့်ဆင့်၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ စီးပွားကူးသန်းဝန်ကြီး၊ ကုန်စည် စီးဆင်းမြန်ဆန်ရေးကော်မတီ၊ တရုတ်နိုင်ငံသံရုံး၊ မန္တလေးမှာ ရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံး တွေဆီလည်း စာတင်ထားတာရှိကြောင်း MRCC ဥက္ကဋ္ဌ ဦးဝင်းဌေးကလည်း အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြထားပါတယ်။
 
“ကုန်သည်တွေက တရုတ်ဘက် သွားရောင်းချင်လို့ သွားရောင်းနေတာမဟုတ်ဘူး။ မူဆယ် ၁၀၅ မိုင်မှာလည်း လုံခြုံမှုမရှိဘူး။ ဘယ်ကုန်သည်မှ ပစ္စည်းလည်း မထားရဲဘူး။ ဘယ်ဝယ်လက်မှလည်း မလာရဲဘူး။ သက်ဆိုင်ရာကလည်း လုံခြုံအောင်လုပ်မပေးနိုင်ဘူး။ ပြန်ပေးဆွဲမှုတွေရော ဘာတွေရော ရှုပ်နေတဲ့ဟာ”လို့ မြန်မာကုန်သည် ၁ ဦးက ပြောပါတယ်။
 
ယခင်က ပဲတွေကို တရုတ်ဘက်က ဂျူတီနဲ့ တင်သွင်းခိုင်းတာ ဖြစ်ပေမယ့် နောက်ပိုင်း အခွန်အပြည့် ဆောင်ပြီး မတင်သွင်းလာနိုင်တော့တာကြောင့် တရုတ်အစိုးရအနေနဲ့ စနစ်တခုကို ပေးထားတာ ဖြစ်တယ်လို့ တရုတ်ကုန်သည် ၁ ဦးက ပြောပါတယ်။
 
“ဒေသထွက်ကုန်အနေနဲ့ စနစ်တခု ပေးထားတာပေါ့နော်။ အမှန်တကယ်တော့ အဲဒီ ပဲတွေက တရုတ်ပြည်မကြီးထိသွားတာ။ ဒေသထွက်ကုန်က အခွန်နည်းတယ်လေ။ အဲဒါကြောင့် အစိုးရက အဲဒီစနစ်ကကို ပြန်မပေးချင်တော့တဲ့ သဘောပေါ့နော်”လို့ သူက ရှင်းပြပါတယ်။
 
လူ အဝင်အထွက်လုပ်ရင် အလွယ်တကူ တံဆိပ်တုံးထုပြီး ဝင်သွားလို့ ရပေမယ့် ကုန်တွေက ED form နဲ့ အထောက်အထား အပြည့်အစုံ စစ်ပြီးမှ၊ တကယ် အိတ်ရေရော ပြည့်မှ၊ ကိုက်မှ တင်ရတဲ့အပြင် စာရွက်စာတမ်းတွေ အစုံပါမှ တရုတ် ကာစတန်က ပေးဝင်တာဖြစ်ကြောင်း မြန်မာကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
 
“ကျနော်တို့ ပစ္စည်းတွေ ဝင်တာ အခုမှ မဟုတ်ဘူး။ ၂ လပိုင်းဝင်တာရှိတယ်။ ၃ လပိုင်းဝင်တာရှိတယ်။ ၁၂ လပိုင်း ဝင်တာရှိတယ်။ မရောင်းရလို့ ချထားတယ်။ ကြာပြီ။ ပြဿနာက အခုမှ လာပြီး ချိပ်ပိတ်တယ်။ ချက်ချင်းကြီး။”လို့ နောက်ထပ် ကုန်သည် ၁ ဦးက ပြောပါတယ်။
 
တရုတ်ဘက်က လေလံရောင်းချဖို့ ထုတ်ထားတဲ့ အသိပေးစာမှာတော့ ပဲလွန်းဝါ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ စွန်တာပြာ၊ ပဲယင်းနီ၊ ပဲဇီးကွက်၊ ပဲကြီး၊ ပဲကြီး၊ ပဲယင်း၊ မတ်ပဲ၊ နိုင်လွန်ပဲ၊ အခွံခွာပဲတီစိမ်း၊ ပဲယင်း၊ ပဲကွန်ပြာ၊ ရေပန်းပဲတီစိမ်းခြမ်း၊ ဖီးနစ်ပဲဖြူ၊ ပဲလွန်းမဲ၊ ပဲနီကြား၊ မြေထောက်ပဲ၊ နှမ်းနက်၊ နှမ်းဖြူ၊ မြေပဲနီ၊ မြေပဲဖြူ၊ နနွင်း၊ မန်ကျည်း၊ ဇီးသီး တို့ပါဝင်ပါတယ်။
 
မြန်မာကုန်သည်တွေအနေနဲ့ ကိုဗစ်အလွန်ကာလ ခက်ခက်ခဲခဲနဲ့ လုပ်ငန်းစလုပ်ကာစမှာ အခုလို ကြီးမားတဲ့ နစ်နာမှုရှိနေတဲ့ အရေးကိစ္စကို မြန်မာနိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိ အကြီးအကဲများ၊ အစိုးရတာဝန်ရှိသူများအနေနဲ့ ကူညီဖြေရှင်းပေးစေလိုတယ်လို့ မြန်မာကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာလည်း တရုတ်နယ်စပ်ဘက်ခြမ်းက မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့် ရာနဲ့ချီ တရုတ်ဘက်က ပိတ်သိမ်းခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာလည်း မြန်မာဘက်က တင်ပို့တဲ့ ပို့ကုန်တွေ အများအပြား ဖမ်းဆီးခံရကာ ဆုံးရှုံးခဲ့ဖူးကြောင်း ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
Shy V
Photo Crd-CJ
 
#voiceofmyanmar #VOM #တရုတ#မြန်မာပဲမျိုးစုံ #ချိတ်ပိတ်ခံရ #လေလံတင်ရောင်းဖို့ပြင်ဆင်နေ

Related posts

Leave a Comment

VOM News

FREE
VIEW