အဆိုတော် လီလီနိုင်ကျော် သေနတ်နဲ့ပစ်သတ်ခံရ

မေ ၃၁ – ၂၀၂၃
SN (VOM)
 
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရန်အောင်လမ်းမှာနေထိုင်တဲ့ ဒေါ်လီလီနိုင်စိုး (ခ) အဆိုတော် လီလီနိုင်ကျော်ဟာ မနေ့ မေ ၃၀ ရက် ည ၇ နာရီဝန်းကျင်က သူမရဲ့နေအိမ်ရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
 
“သူ့ကားနဲ့ အပြင်ကပြန်လာတာ၊ အိမ်ရှေ့အရောက်မှာပဲ အပစ်ခံလိုက်ရတာ။ မျက်နှာကိုထိတယ်၊ ဒဏ်ရာတော်တော်ပြင်းတယ်။ ဆေးရုံကို အရေးပေါ် ပို့ပြီး ကုသခဲ့ပေမယ့် CT Scam ရိုက်နေချိန်မှာပဲ ဆုံးသွားတာ”လို့ ရန်ကင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
အဆိုတော်လီလီနိုင်ကျော် အသက် (၅၈)နှစ်ဟာ သူ့ရဲ့ကားနဲ့ အပြင်ကပြန်လာပြီး နေအိမ်တိုက်ခန်းရှေ့အရောက် ကားပေါ်ကဆင်းဖို့ ပြင်နေချိန် လမ်းလျှောက်လာသူတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ့လို ပစ်ခတ်ခံရမှုကြောင့် ယာဘက်ပါး (ယာနားထင်အနီး) ထိမှန် ဒဏ်ရာတစ်ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး အမှတ် (၁) တပ်မတော်စစ်ဆေးရုံ၊ ကုတင် (၁၀၀၀)ကို အရေးပေါ်ပို့ဆောင် ကုသခဲ့ပေမယ့် ည ၁၀ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
 
အဆိုတော် လီလီနိုင်ကျော်ရဲ့ “ကျီစားတာလား” သင်္ကြန်သီချင်းဟာ နာမည်ကြီး လူသိများတဲ့ သီချင်းတစ်ပုဒ်ဖြစ်သလို သူမ ပြန်လည်သီဆိုထားတဲ့ “ဖြူနီပြာဝါ” သီချင်းဟာလည်း ပရိသတ်တွေ အားပေးလက်ခံခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
 
ဒါ့အပြင် သူမဟာ အမျိုးသားရေးလှုပ်ရှားသူ၊ မဘသ အဖွဲ့၀င်တစ်ဦးလည်းဖြစ်တယ်လို့လည်း လူမှုကွန်ယက်စာမျက်နှာအချို့မှာ ဖော်ပြထားချက်အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူအဖြစ် လူသိများတဲ့ ဦးတင့်လွင်ဆိုသူဟာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းနဲ့ ဇေယျသိဒ္ဓိလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အတွင်း ထမင်းကြော်စားနေချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။
 
အဆိုတော်လီလီနိုင်ကျော်ဟာ ဦးတင့်လွင် ပစ်သတ်ခံရအပြီး ၄ ရက်အတွင်းမှာ ဒုတိယမြောက် ပစ်သတ်ခံရသူလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #အဆိုတော်လီလီနိုင်ကျော် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW