ဒေါက်တာမျိုးအောင်နဲ့ ဦးနိုင်ငံလင်းတို့ရဲ့ အဂတိအမှု အထူးအယူခံ ပယ်ချခံရ

ဇွန် ၈ – ၂၀၂၃
SN (VOM)

(NLD)ပါတီလက်ထက်က နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ရဲ့ အထူးအယူခံအမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ ဦးနိုင်ငံလင်းတို့ အမိန့်ချခံထားရတဲ့ အဂတိလိုက်စားမှု အမှု(၆)မှုကို ပထမအကြိမ် အယူခံတက်ရာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တဲ့အတွက် အထူးအယူခံဆက်တက်ခဲ့ပေမယ့် အထူးအယူခံဝင်ခွင့်မပေးဘဲ အကျဉ်းနည်းနဲ့ ပလပ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဦးနိုင်ငံလင်းရဲ့ အဂတိအမှု ငါးမှုနဲ့ ဒေါက်တာမျိုးအောင်ရဲ့ အဂတိအမှု တစ်မှုတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတက်ခဲ့တာမှာလည်း ပယ်ချခံခဲ့ရတယ်။ အခု အထူးအယူခံကိုလည်း ထပ်ပြီး ပယ်ချခံရတယ်။ ဒီ အထူးအယူခံပြီးရင်တော့ ဘာမှလုပ်လို့မရတော့ဘူး”လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပလပ်ခံရတဲ့အမှုတွေကတော့ ဒေါက်တာမျိုးအောင်အနေနဲ့ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေအတွက် အလှူငွေလက်ခံရယူခဲ့တယ်ဆိုတဲ့ အဂတိအမှုတစ်မှုနဲ့ ဦးနိုင်ငံလင်းကိုတော့ ပညာရေးဆိုင်ရာ အဆောက်အဦတွေအတွက် ဆောက်လုပ်ရေးတင်ဒါကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်က လုပ်ငန်းရှင်တချို့ဆီက လာဘ်ယူခဲ့တယ်လို့ဆိုတဲ့ အဂတိအမှု(၅)မှုတို့ဖြစ်တယ်လို့ သိရပါတယ်။

ဦးနိုင်ငံလင်းအနေနဲ့ အဲ့ဒီအမှု(၅)မှုအတွက် လက်ရှိမှာ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရပြီး ဒေါက်တာမျိုးအောင်ကတော့ အဂတိမှုအပါအဝင် အမှုမျိုးစုံအတွက် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ဒေါက်တာမျိုးအောင်ဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) တစ်ဦးဖြစ်သလို NLD အစိုးရလက်ထက်မှာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီရဲ့ သာကေတမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၂၈၃) ဦးရှိပြီး (၁၈၉၅၃)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက (၆၃၀၃)ဦးမှာတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဒေါက်တာမျိုးအောင် #ဦးနိုင်ငံလင်း #အထူးအယူခံပယ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW