ပုဂံမြို့ဟောင်းက ဗူးဘုရားစေတီတော် မိုးကြိုးခ

ဇွန်၊ ၇ -၂၀၂၃
SP + SN ( VOM)

မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ပုဂံရှေးဟောင်းမြို့နယ် ၊ တောင်ဘီကျေးရွာမှာ မနေ့ ဇွန် ၆ ရက် မနက် ၉ နာရီဝန်းကျင်က မိုးရွာသွန်းပြီး လျှပ်စီး မိုးကြိုးတွေ ပစ်ခဲ့တာကြောင့် ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ဗူးဘုရားဟာ မိုးကြိုးထိမှန်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနအဖွဲ့ဆီက သိရပါတယ်။

” AD ၃ ရာစုခန့်က ပျူစောထီးမင်း တည်ထားတဲ့ ဧရာဝတီမြစ်ကမ်းဘေးက ဗူးဘုရားစေတီမှာ မိုးကြိုးခပြီး လျှပ်စီးဝင်တာ ဖြစ်တယ် ၊ အဲ့ဒီ စေတီ ဝန်းကျင်ဘေးမှာ မီးပွားတွေ လွှင့်စင်ပြီး မြစ်ထဲကို စီးဝင်သွားတယ် ဖြစ်တယ်”လို့ မျက်မြင်တွေ့လိုက်ရတဲ့သူ ရေလုပ်သားတစ်ဦးက ပြောပါတယ်။

ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက“မိုးသည်းထန်ထန် မိနစ်(၂၀)ခန့် ရွာခဲ့တဲ့ချိန်မှာ ဧရာဝတီမြစ်ရေပြင်ကို မိုးကြိုးပစ်တဲ့အချိန် ပုဂံမြို့ဟောင်း မြစ်ကမ်းစပ်မှာ တည်ထားကိုးကွယ်တဲ့ ဗူးဘုရားစေတီတော်မြတ်ကြီးရဲ့ လုံးပတ်မှာ စက်ကွင်းထိမှန်ခဲ့တာဖြစ်ပါတယ်။ ပြုပြင်ဖို့က ဒီနေ့ ဇွန် (၇) ရက်နေ့ကနေ စတင်ပြုပြင်မှာဖြစ်ပါတယ်။ ပြုပြင်ဖို့ကြာချိန်ကတော့ အချိန်တစ်ပတ်အတွင်း ပြီးစီးမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပုဂံရှေးဟောင်း သုတေသနဌာနရုံးနဲ့ နီးစပ်သူ တယောက်ကလည်း ” မိုးကြိုးလျှပ်စီးများခဲ့ရာကနေ စီးဝင်ခဲ့တယ် ၊ ဗူးဘုရားစေတီတော် လုံးပတ်တော်နဲ့ ထီးတော်တို့မှာ မိုးကြိုးစက်ကွင်း မလွတ်းတာကြောင့် ထီးတော်ရဲ့ စိန်ဖူးတော် အောက်ခံကြာဖတ် မဲသွားတယ် ၊ ထီးတော်ရဲ့သံခေါင်းလောင်းတွေ မဲသွားတယ် ၊ ငှက်ပျောဖူးကြာဖက်ထိပ်ပိုင်း ၆ လက်မခန့် ပဲ့သွားတယ် ၊ မိုးကြိုးလွဲရဲ့ဘေး ၁.၅ လက်မခန့် အဝိုင်းပေါက်နဲ့ အမဲစက်ဖြစ်သွားတယ် ၊ စေတီလုံးပတ်တော်အနောက်တောင်ဘက်နဲ့ အနောက်ဖက်မှာ ၁.၅ လက်မ အဝိုင်းပေါက် ၂ ခုဖြစ်ပြီး သံဇကာကွက်လို ၊ အရာထင်ရာတွေ ဖြစ်ခဲ့တယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ဗူးဘုရားစေတီတော်ကို ပြန်လည်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီး တစ်ပတ်အတွင်း အပြီး ပြုပြင်သွားမယ်လို့ ပုဂံရှေးဟောင်းသုတေသနဌာနခွဲကနေ သိရပါတယ်။

မိုးကြိုးစက်ကွင်းထိမှန်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အပေါက်ကနေ ရေဝင်နိုင်တာကြောင့် သက်ဆိုင်ရာ သြဝါဒစရိယ ဆရာတော်တွေရဲ့ သြဝါဒခံယူပြီး ပြင်ဆင်မှာဖြစ်သလို ရှေးဟောင်းသုတေသနရုံးချုပ်ကိုလည်း တင်ပြထားတယ်လို့ သိရပါတယ်။

ပုဂံရှိ ဗူးဘုရား အပါအဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက ဘုရား၊ စေတီ၊ ပုထိုး၊ အဆောက်အအုံ စုစုပေါင်း (၃၈၂၂) ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ပြီး ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယာဉ်ကျေးမှုအဖွဲ့ (UNESCO)က ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ပိုင်းကလည်း ပုဂံရှေးဟောင်းနယ်မြေမှာရှိတဲ့ ရှေးယဥ်ကျေးမှု စေတီတွေ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ပုဂံ #ဘူးဘုရား #မိုးကြိုးခ

Related posts

Leave a Comment

VOM News

FREE
VIEW