မအူပင်မြို့မှာ ငလျင်လှုပ်တဲ့ဒဏ်ကြောင့် အဆောက်အဦပြိုကျပြီး သီလရှင်(၁)ပါးနဲ့ ယောဂီ(၁)ဦး သေဆုံး

ဇွန်၊၇-၂၀၂၃
MM + GG (VOM)

ဧရာဝတီတိုင်း ၊ မအူပင်မြို့မှာ ဒီနေ့ ဇွန်လ ၇ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ ၄၄ က စလပ်ပြားပြိုကျလို့ သီလရှင် ဆရာကြီး ၁ ပါးနဲ့ ယောဂီအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

“ဒီနေ့ ညနေ ၄ နာရီကျော်ကျော်က ငလျင်က လှုပ်တာ အချိန်တော်တော်ကြာတယ်၊ ပြင်းလည်း ပြင်းတယ်၊ လတ်တလောအနေနဲ့ သိရတာကတော့ မအူပင် မိုးကုပ်ဝိပသာနာ တရားပြတဲ့ ကျောင်းဆောင်အဆောက်အဦပြိုကျမှုဖြစ်တယ် ၊ အသက် (၆၀)လောက်ရှိတဲ့ သီလရှင်ဆရာလေး ၁ပါးနဲ့ ယောဂီအမျိုးသမီး ၁ ဦး အဆောက်အဦ ပိပြီး သေဆုံးသွားတယ်၊ အခြား အပျက်စီးတွေလည်း ရှိတယ်လို့သိရတယ် ။”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

နောက်ထပ် မအူပင်မြို့နယ် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက” ညနေ ၄ နာရီခွဲလောက်မှာ ငလျင်လှုပ်တယ်၊အဲ့ဒီမှာ ဆရာ​လေးနဲ့ ယောဂီတစ်ဦး အုတ်တွေပိပြီးသေသွားတယ်၊ သန့်ရှင်းရေးလုပ်နေချိန်ပြိုကျတာ၊ ဆရာကြီးဘွဲ့က ဒေါ်ဝိမလ ၊ယောဂီ ကတော့ မသိဘူး ။ညနေ ၅ နာရီကျော်လောက်ကျ ဆက်လှုပ်တာမှာ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး စိန်ဖူးတော်က ညာဘက်ကို စောင်းသွားတယ်။ဘွဲ့နှင်းသဘင်ပြိုကျတယ်၊ မှန်တွေကွဲတယ် ၊လူကတော့ ထိခိုက်မှုမရှိပါဘူး။ ” လို့ ပြောပါတယ်။

မအူပင်မြို့နယ်မှာ ငလျင်ဒဏ်ကြောင့် လူ ၂ ဦးသေဆုံးခဲ့တဲ့အပြင် ရွှေဘုန်းမြင့်ဘုရာရားစေတီ ငှက်မျက်နားတော်လည်း ယိုင်လဲသွားခဲ့ပြီး မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ပြိုကျမှုလည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညောင်တုန်း ၊ ဘိုကလေး ၊ ပန်းတနော် ၊မော်လမြိုင်ကျွန်း ၊ ဝါးခယ်မ ၊ ဖျာပုံ ၊ ဟင်္သာတ ၊ကျိုက်လတ် ၊ ကျုံမငေး ၊ ကျုံပျော် ၊ ဓနုဖြူ ၊ ဟင်္သာတ စတဲ့ ခရိုင်နဲ့ မြို့နယ်တွေမှာလည်း ငလျင်လှုပ်ခတ်တဲ့ဒဏ်ကို အချိန်ကြာကြာ သိသိသာသာခံစားခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီနေ့ ဇွန်လ ၇ ရက်နေ့ ညနေ ၄ နာရီ ၂၃ မိနစ် နဲ့ ၅၁ စက္ကန့်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်း အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး၊ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

#VOM #voiceofmyanmar #မအူပင် #ငလျင် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW