ယူကရိန်းထိုးစစ် အောင်မြင်မှုကြောင့် တွေ့ဆုံဆွေးနွေးရေး ရုရှားကိုဖိအားပေးနိုင်ဖို့ နေတိုးအကြီးအကဲ မျှော်လင့်

၀ါရှင်တန်၊ ဇွန်-၁၄-၂၀၂၃
မျိုးဆက်(VOM)

နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ဂ် အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဂျိုးဘိုင်းဒင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အနောက်နိုင်ငံတွေက အထောက်အပံ့တွေပေးမှုနဲ့အတူ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ တိုးတက်မှုတွေရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လစ်သူယေးနီးယားနိုင်ငံမှာ ဇူလိုင်လအတွင်း နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ စတိုတန်ဘာ့ဂ်ဟာ သမ္မတဂျိုးဘိုင်းဒင်နဲ့ ယူကရိန်းအရေးအပြင် အခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်း စစ်မျက်နှာစာတွေမှာ ကာလရှည်ကြာပြင်ဆင်ထားတဲ့ တန်ပြန်ထိုးစစ်ကို စတင်နေပြီဖြစ်ပြီး မကြာသေးမီရက်အတွင်းက ကျေးရွာလေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

တန်ပြန်ထိုးစစ်ဟာ စေ့စပ်ညှိနှိုင်းရေးတွေဖြစ်ပေါ်လာဖို့ နည်းလမ်းတခုအဖြစ် ရှုမြင်ထားပြီး ယူကရိန်းနယ်မြေတွေ ပိုမိုလွတ်မြောက်လေ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း အားကောင်းလေလေဖြစ်ကြောင်း နေတိုးအကြီးအကဲက ပြောပါတယ်။

ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ရဲ့တုံ့ပြန်မှုဟာ မဟာမိတ်အဖွဲ့ကို ပိုမိုအားကောင်းစေတယ်လို့ အောက်တိုဘာလမှာ ရာထူးကနေအနားယူတော့မယ့် နေတိုးအကြီးအကဲကို သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ပိုင်းနယ်မြေများ လုံခြုံရေးကို ခိုင်မာအောင်ပြုလုပ်ထားပြီး နေတိုးအဖွဲ့၀င်နိုင်ငံတွေရဲ့ နယ်မြေတိုင်းကို ကာကွယ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောဆိုသည်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်စတင်နေချိန်မှာ ထောက်ပံ့ရေးပစ္စည်းတွေ ဖြည့်တင်းဖို့အတွက် ဒေါ်လာ ၃၂၅ သန်းတန်ဖိုးရှိ ခဲယမ်းမီးကျောက်နဲ့ အကြီးစားလက်နက်တွေ ယူကရိန်းကို ထောက်ပံ့ပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဇွန် ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။

Ref: AFP
Photo: Reuters
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW