ဇွန်၊ ၁၄-၂၀၂၂
MM(VOM)
ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လူကို အကိုက်ခံပြီး ရှာဖွေကြရတဲ့ မျှော့တစ်ပိသာကိုငွေကျပ် ၈၀၀၀၀ အထိဈေးပေါက်နေသော်လည်း မျှော့တွေကို ရှာဖွေရတာ အရင်ထက်ရှားပါးလာတယ်လို့ မျှော့ရှာဖွေ ရောင်းချတဲ့သူတွေဆီကနေ သိရပါတယ်။
”မျှော့ရှာဖွေတဲ့ကာလက ဇွန်လကနေ ဖေဖော်ဝါရီလ အထိပါ ၊အဲ့ဒီအချိန်မှာ မျှော့အများဆုံးရှာဖွေဖမ်းယူရရှိပါတယ် ၊ ကျပန်းအလုပ် လုပ်ကိုင်တယ်၊နွေရာသီရောက်ရင် မျှော့လိုက်ဖမ်းတယ်၊ မြစ်ချောင်းတွေမှာ လူကိုယ်တိုင် အကိုက်ခံပြီး မျှော့ရှာဖွေတဲ့သူရှိသလို အချို့ကျတော့လည်း မြစ်၊ ချောင်း၊အင်း၊ အိုင်ထဲကို ကျွဲ၊ နွား၊ တိရိစ္ဆာန် မောင်းချပြီးလာတွယ်တဲ့ မျှော့ကိုတဆင့်ဖြုတ်ပြီးရှာတာ လည်းရှိတယ်၊ ကျွန်တော်တို့ရွာမှာတော့ ကလေးက အစမျှော့ရှာကြတယ်၊ ရွာမှာ လူဦးရေထက်ဝက်လောက်က မျှော့ရှာတဲ့အလုပ်ကို လုပ်ကြတယ်၊ အခုဒီနှစ်မှာ မျှော့ဈေးရပေမယ့် အရင်နှစ်တွေကထက် မျှော့ တော်တော် ရှားသွားတယ်၊ တနေ့လုံးရှာမှ ၁၀ သားလောက်ပဲရတယ် ၁၀ သားဆိုလည်း အကောင်ကြီးရင် ၈၀၀၀ ရပြီလေ ၊ အလုပ်ကမရှိတော့ လုပ်နေရတာပဲ။”လို့ ဘိုကလေးမြို့နယ်၊ စက်စုကျေးရွာမှ မျှော့ရှာဖွေသူ ကိုသန်းဝင်းက ပြောပါတယ်။
မျှော့တွေ ရှားပါးလာတာနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်က မျှော့ရှာသူတစ်ဦးကလည်း”မျှော့တွေက စပါးစိုက်ခင်းတွေ မြစ်ရိုးချောင်းရိုးနဲ့ ရွှံ့နွံမြေကြီးအောက်မှာ ကျက်စားတတ်တဲ့သတ္တဝါတွေလေ ၊ရှားပါးလာတာလည်းမပြောနဲ့ ရှာဖွေရောင်းချတဲ့သူတွေကလည်း တော်တော်များလာတယ် ၊ အကောင်ကြီးလို့ အလေချိန်ရရင် တစ်ပိသာကို သိပ်မရှာရပါဘူး ၊အခုက စိုက်ပျိုးမြေတွေမှာဓါတ်မြေသြဇာနဲ့ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးစွဲမှုများကြောင့် မျှော့တွေရှားလာတာ၊ အရင်နှစ်က မျှော့အကြီးတစ်ပိဿာကို ငွေကျပ် ၄၀၀၀၀ နဲ့မျှော့အသေးတစ်ပိဿာကို ငွေကျပ် ၅၅၀၀၀ အထိသာဈေးအမြင့်ဆုံးရှိခဲ့တယ် ၊အခုတော့ မျှော့ အသေးတစ်ပိဿာ ငွေကျပ် ၈၀၀၀၀ အထိ ဈေးပေါက်နေတယ် ၊ဒါပေမယ့် ရှာဖွေသူတွေအဖို့ အကျိုးမဖြစ်ဘူး”လို့ ပြောပါတယ်။
မျှော့ ရောင်းဝယ်ရေးအဝယ်ဒိုင် လုပ်ငန်းရှင်တစ်ဦးက ”တရုတ်ပြည်ဘက်က မျှော့အကောင်းကြီးကော၊ အကောင်သေးပါဝယ်တယ်၊ ကျွန်မတို့က တရုတ်ပြည်ဘက်က ဒိုင်ကြီးတွေနဲ့ပြန်လည်ဝယ်ယူဖို့အတွက် စကားပြောထားပြီဖြစ်တယ်၊ ဒါ့ကြောင့်အခု တရုတ်ဘက်က ဝယ်လက်တွေက ပြန်ဝယ်ဖို့ပြောလာလို့ပြန်ဝင်နေတာဖြစ်တယ်၊ လက်ရှိပြန်ဝယ်နေတော့ အရောင်းအဝယ်ကောင်း ဈေးကောင်းနေတယ်၊မျှော့ကတော့ အရမ်းရှားပါးနေတယ်၊ဈေးကလည်းကောင်းနေတယ်၊ တစ်နေ့ ကုန်ချိန် ၁၀ ပိသာတောင်မတက်ချင်ဘူး”လို့ပြောပါတယ်။
အဲ့ဒီ မျှော့တွေဟာ လူနဲ့ ကျွဲ၊ နွားတွေကို ကပ်တွယ် သွေးစုပ်တတ်တဲ့ သတ္တဝါဖြစ်ပေမယ့်လည်း တရုတနိုင်ငံမှာတော့ မျှော့တွေကို သွေးတွေထုတ်၊အခြောက်လှမ်းပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အကြောအားတိုးဆေး စတဲ့ တရုတ်တိုင်းရင်းဆေးအဖြစ်ဖော်စပ်ထုတ်လုပ်ကြတာဖြစ်တယ်လို့ မျှော့ရောင်းဝယ်ရေး ကုန်သည်တွေဆီကနေ သိရပါတယ်။
#VOM #voiceofmyanmar #မျှော့စျေးကက်ကဏ္ဍ