ဧရာဝတီတိုင်းမှာ စပါးတင်း ၁၀၀ကို ၁၈ သိန်းအထိ ဈေးကောင်းလာပေမယ့် တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ကိုရောင်းချနေရ

ဇွန်၊၁၆-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်းမှာ ဇွန်လ အတွင်း စပါးတင်း ၁၀၀ ကိုငွေ ကျပ် ၁၈ သိန်း အထိဈေးကောင်းလာပေမယ့် တောင်သူတွေမှာ အကြောင်း အမျိုးမျိုးကြောင့် လုပ်ကိုင်နေတဲ့လယ်ကို ရောင်းချနေရတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။

တောင်သူတွေ အနေနဲ့ မိရိုးဖလာ လုပ်ကိုင်နေတဲ့လယ်ကို ရောင်းချရတာဟာ အခက်အခဲအမျိုးစုံ ကြုံနေရပြီး ဖြေရှင်းစရာနည်းလမ်းမရှိတာကြောင့်ရောင်းချနေရတာဖြစ်တယ်လို့ ဒေသခံ တောင်သူ လယ်သမားတွေဆီကနေ သိရပါတယ်။

”အခုဧရာဝတီတိုင်းမှာ စပါးတင်း ၁၀၀ ကို ၁၈ သိန်းဈေးအထိပေါက်နေတယ်၊ တောင်သူတွေလက်ထဲ စပါး မကျန်မှ စပါးဈေးကတက်လာတာ ၊ကျွမ်မတို့ကလည်း လက်ထဲကို စပါး မထားနိုင်ပါဘူး၊ စပါး စ ရိတ်ကတည်းက ရောင်းထုတ်ရတာ၊ သွင်းအားစုဖိုး ၊ ရိတ်စက်ခဖိုး ၊ မျိုးစေ့ဖိုး ၊ ဘေးကနေအတိုးနဲ့ဆွဲပြီး လယ်ထဲထည့်ထားတဲ့ အကြွေး အကုန်ပြန်ဆပ်ဖို့ရောင်းခဲ့ရတာ ၊ အဲ့ဒီအချိန်က စပါးဈေးက မကောင်းခဲ့ဘူး ၊ တင်း ၁၀၀ မှ ၁၄ သိန်းလောက်အထိပဲရှိခဲ့တာ ၊ သွင်းအားစုဈေးတွေကလည်း အဆမတန် ထိုးတက်နေတာ ၊ လယ်လုပ်ရတာအမြတ် မရှိတာ တောင်သူတွေသုံးနှစ်ထဲရောက်လာပြီ ၊ဘယ်ရောင်းချင်ပါ့မလဲ ၊ဘယ်လိုမှ မရှင်းတတ်တော့လို့ ရောင်းရတာ၊ ၂ဧက ရောင်းလိုက်တယ် ၁ ဧက ၂၂ သိန်းနဲ့ ဒါတောင် အကြွေးကျေယုံလောက်ပဲရှိသေးတယ်။”လို့ ဘိုကလေးမြို့နယ်မှ တောင်သူတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်း ၊မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံတောင်သူတစ်ဦးက”စိုက်ပျိုးရေး ကုန်ကျစရိတ်တွေအဆမတန် ကုန်ကျခဲ့တာ ၊ ဓာတ်မြေသြဇာတွေကို အရင်စံချိန်အတိုင်း မသုံးနိုင်ခဲ့တော့ စပါးတွေအထွက်ကျဆင်းခဲ့တယ် ၊ ဒါတောင် လယ်တစ်ဧက ကုန်ကျစရိတ်အနည်းဆုံးက ငွေ ကျပ် ၇ သိန်းလောက်အထိ ကုန်ကျစရိတ်ရှိခဲ့တယ်၊ အရင်း ၇ သိန်းတောင် ပြန်ရအောင် မနည်းလုပ်ခဲ့ရတယ် ၊ဦးလေးတို့မိသားစု အခုလုပ်နေတဲ့ လယ်ရောင်းရတဲ့ ပြဿနာက နိုင်ငံတော်ကို ပြန်ပေးဆပ်ရမယ့် ဘဏ်အကြွေးကျန်ဆပ်ဖို့ပါ ၊ ဘဏ်ကြွေးတွေကလည်း မဆပ်ရင် ဖမ်းမယ် ၊ တရားစွဲမယ်ဆိုတာတွေလုပ်လာလို့လေ ၊အဖမ်းတော့ မခံနိုင်ပါဘူး၊ လယ်မလုပ်ရလည်းနေတော့ဆိုပြီး ရောင်းတာပါ။”လို့ ပြောပါတယ်။

လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက”လယ်သမားတစ်ယောက်က လုပ်နေတဲ့လယ်ကို မရောင်းချင်ပါဘူး ၊ သူတို့မှာ တော်တော်အကြပ်ရိုက်နေတယ် ၊စပါးက မထွက် ၊ စပါးဈေးက စပါးမရှိမှတက် ၊ရွှေခရုတွေကဖျက် ၊ စိုက်ပျိုးရေးသွင်းအားစု စရိတ်တွေက အရင်ထက် အကုန်ဈေးတက်နေတာ၊ အခုအထိလည်း တောင်သူတွေက မိုးစပါးတွေစိုက်ဖို့ ဘာမှမရှိတဲ့ သူတွေ အများကြီးပဲ ၊အရင်ခေတ်တွေကလိုလယ်သမားတွေရဲ့အခက်အခဲ အကျပ်အတည်းတွေကို တင်ပြပေးလို့လည်းမရဘူး၊ ဒါကလည်း ဒုက္ခတမျိုးပဲ။” လို့ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးရာသီက ဒေးဒရဲ ၊ အိမ်မဲ ၊ ဝါးခယ်မ ၊ ဘိုကလေး ၊ မအူပင် ၊ ဖျာပုံ ၊ကျိုက် လက် စတဲ့ မြို့နယ်တွေမှာ စပါးအပင်ဖျက်ရွှေခရုတွေကျရောက်တာ ၊ စပါးဖျက်ပိုးတွေကျရောက်တာတွေဖြစ်ပေါ်ခဲ့လို့ စပါးအထွက်နှုန်းတွေ အဆမတန်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဟာ ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်နဲ့ နွေစပါးစိုက်ဧက ၁၄ သိန်းကျော်အထိ နှစ်စဉ်စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဧရာဝတီ #စပါးစိုက်တောင်သူ #အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW