ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာတွေ လာဘ်ထိုးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ဦးမောင်ဝိတ် ပြန်လည် လွတ်မြောက်လာ

ဇွန် ၃၀ – ၂၀၂၃
SN (VOM)

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ထိုးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဟာ အဂတိမှုနဲ့ (၂)နှစ်ခွဲကြာထိန်းသိမ်းခံထားရာကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

မနေ့ ဇွန် ၂၉ ရက်မှာ နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ ဦးမောင်ဝိတ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် “ကံဇာတ်ဆရာရေ ကျွန်တော်အိမ်ပြန်ရောက်လို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အမေလည်းဝမ်းသာပါတယ်”လို့ အစချီ ရေးသားထားပြီး ဓါတ်ပုံနဲ့တကွ အသိပေးလာခဲ့တာ ဖြစ်ပါတယ်။

“ယောင်္ကျားတစ်ယောက်ရဲ့ ဒုတိယ အားအကောင်းဆုံးအချိန်ဖြစ်တဲ့ အသက် ၄၀ နဲ့ ၅၀ ကြား ၁၀ နှစ်တာမှာ ၂နှစ်ခွဲ ( ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှသည် ၂၀၂၃ ခုနှစ်၊ ဇွန် ၂၉ ရက်အထိ) စာမေးပွဲပေါင်းများစွာ ပါဝင်တဲ့ ဘဝသင်တန်းတစ်ခုပြီးတစ်ခု တက်ခိုင်းခဲ့တယ်။ ကျွန်တော်ကတော့ ဖြေဆိုခဲ့ရတဲ့ ဘဝစာမေးပွဲပေါင်း များစွာကိုတော့ အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့ပါတယ်။ စာမေးပွဲတွေရဲ့ထုံးစံအတိုင်း ရလဒ်ကတော့ ဖြေဆိုသူနဲ့ သိပ်ဆိုင်ပုံမပေါ်ပါဘူး။ စာစစ်သူများနဲ့ အကဲဖြတ်အဖွဲ့များရဲ့ အမြင်တွေနဲ့သာ ဆိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော် အသက် ၅၀ ပြည့်ခဲ့ပြီ။ ရှေ့ဆက်တဲ့အသက် ၅၀ နဲ့ ၆၀ ကြား ၁၀ နှစ်ကတော့ အိုဖို့ပဲကျန်ပါတော့တယ် ကံဇာတ်ဆရာရေ”လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီနဲ့ Myanmar Developer Association – MDA တို့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးမောင်ဝိတ်ဟာ NLD အစိုးရတာဝန်ရှိသူတွေနဲ့ အထူးသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်ကနေ အခု ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်အထိ ၂ နှစ်ခွဲခန့် ဖမ်းဆီး ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်အနေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းခဲ့တာကို အကြောင်းပြုပြီး နစက က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု နှစ်မှုနဲ့ တရားစွဲဆိုခဲ့ကာ ထောင်ဒဏ် သုံးနှစ် တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးမှာ တရားလိုပြသက်သေအဖြစ် ဦးမောင်ဝိတ် လာရောက်ထွက်ဆိုခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်တွေ ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့တယ်လို့ အဓိက လိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သူနှစ်ဦးကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်တို့ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီရွှေ ခုနစ်ပိဿာပေးခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်း ထွက်ဆိုထားတဲ့ ဗီဒီယိုဖိုင်ကို နစက က ၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို မလျော်ဩဇာ လွှမ်းမိုးမှုတွေကြောင့်ဆိုပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုခံရတဲ့ ဦးဖြိုးမင်းသိန်းကတော့ ဒဏ်ငွေ တစ်သိန်းသာ ချမှတ်ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့ရတယ်လို့ အဓိက သက်သေအဖြစ် ထွက်ဆိုခဲ့သူနှစ်ဦးအနက် လက်ရှိမှာတော့ ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ဦးဖြိုးမင်းသိန်းရဲ့ အခြေအနေနဲ့ပတ်သက်လို့တော့ မသိရှိရသေးပါဘူး။

စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်ဟာ ၂၀၀၈ ခုနှစ်တုန်းကလည်း မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဦးမောင်ဝိတ် #ပြန်လည်လွတ်မြောက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW