ရတနာပုံခေတ်ရဲ့ စက်မှုနိုင်ငံတော်

ဆူးငှက်
 
မန္တလေးရတနာပုံနေပြည်တော်ကို ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆
ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ မင်းတုံးမင်းကြီး တည်ထောင်တယ်တယ်ဆိုငြား တကယ်တမ်း ညီတော် ကနောင်မင်းသားရဲ့အကြံအစည်နှင့် လုံ့လတွေက အများကြီး ပါဝင်ခဲ့တယ်ဆိုတာ မငြင်းသာပါဘူး။
 
ရတနာပုံနေပြည်တော် မတည်ထောင်မီ နောင်တော်ပုဂံမင်းရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုအောက်က ရုန်းထွက်ပုန်ကန်ခဲ့မှုမှာလည်း ကနောင်မင်းသားရဲ့ လက်ရုံးရည်၊ နှလုံးရည် ပါဝင်ခဲ့တယ်ဆိုတာကလည်း အသေအချာပါ။ ရတနာပုံနေပြည်တော် တည်ထောင်ပြီးတဲ့နောက် “သီရိပဝရ မဟာသုဓမ္မရာဇဘွဲ့ခံ” ရတနာပူရအိမ်ရှေ့စံကနောင်မင်းသားကြီးအနေနှင့် တိုးတက်ခေတ်မီတဲ့နိုင်ငံတော်တည်ဆောက်ရေးအပိုင်းကို အထူးအလေးပေးဆောင်ရွက်လာတယ်။ဒီလိုအမြော်အမြင်ရှိစေတာကလည်း မြန်မာပြည်အောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက လက်နက်အားကိုးနှင့် သိမ်းပိုက်ထားတာသရက်မထဲအထိရောက်နေပြီမဟုတ်ပါလား။ အချိန်မရွေးအမြောက်တင် စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနိုင်တယ်ဆိုတာကိုလည်း မြေကြီးလက်ခတ်မလွဲ တွက်ဆထားပြီးသားပါ။ ဒါကြောင့် နောင်တော် မင်းတုံးမင်းကြီးကလည်းတိုင်းရေးပြည်ရေး၊ သံရေးတမန်ရေးအပြင် ဘာသာသာသနာထွန်းလင်းတောက်ပရေးအတွက်ထိဆောင်ရွက်နေသလို ညီတော်ကနောင်မင်းသားကလည်း ခေတ်မီတပ်မတော် တည်ဆောက်ရေးနှင့် စက်မှုနိုင်ငံထူထောင်ရေးကို အားစိုက်နေပါတယ်။ ဒါကြောင့်လည်းနိုင်ငံခြားတိုင်းကြီးပြည်ကြီးများမှာထွန်းကားနေပြီဖြစ်တဲ့ စက်မှုလက်မှု သိပ္ပံပညာရပ်တွေကိုလေ့လာသင်ကြားနိုင်ဖို့ လက်ရွေးစင် ပညာတော်သင် အယောက် ၉၀‌ ကျော်ကို အိမ်ရှေ့စံကိုယ်တော်တိုင် ရွေးချယ်ပြီး နိုင်ငံအသီးသီးကို စေလွှတ်ခဲ့တယ်။ ဒီပဲရင်း ဝန်ထာက် ဦးမြဲနှင့်ညီဦးခဲ၊ ဖန်ချက်ဝန်ဦးဖန်၊‌ကျော က်မြောင်းအတွင်းဝန် ဦးရွှေအိုး၊မင်းဝန် ဦးအောင်သူတို့ဟာ ထင်ရှားတဲ့ပညာတော်သင်တွေပါ။ ဒီနောက်လည်းပညာတော်သင်တွေ ဆက်လက်စေလွှတ်ပါသေးတယ်။
 
ဒီနောက် ၅နှစ်စီမံကိန်းရေးဆွဲပြီး ရတနာပုံနေပြည်တော်တစ်ဝှမ်းမှာ စက်ရုံတော် ၅၀ကျာ် တည်ဆောက်ခဲ့ပါတယ်။ ဒင်္ဂါးစက်ရုံတော်၊ ရက်ကန်းစက်ရုံတော်၊ ဆန်စက်ကြိတ် စက်ရုံတော်၊ လက်နက်စက်ရုံတော်၊ လွှစက်ရုံတော်၊သကြားချက်စက်ရုံတော်၊ မဲနယ်စက်ရုံတော်၊ သံဖိုစက်ရုံတော်၊ ဂွမ်းကြိတ်စက်ရုံတော်၊ စာပုံနှိပ်စက်ရုံတော်… စသည်ဖြင့် ပါဝင်တယ်။ ဒီစက်ရုံတော်တွေထဲမှာ အင်္ဂလိပ်ရေတပ်နှင့် ယှဉ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့သင်္ဘောစက်ရုံတော်လည်း တည်ထောင်ခဲ့တယ်။
 
ခေတ်မီမြန်မာ့ရေတပ်မတော်ကြီးတည်ထောင်ဖို့အတွက် ကနောင်မင်းသားကြီးက ရွှေမြို့တော်ရဲ့ အနောက်ဖက်၊ ဧရာဝတီမြစ်ကမ်းနဖူး၊ ပန်းဆက်တံခါးအထွက်မှာ “ရတနာပုံသင်္ဘောကျင်း(ခေါ်) ရတနာပုံစက်ရုံတော်”ကို သက္ကရာဇ် ၁၂၂၆ ခုနှစ် (ခရစ်-၁၈၆၄) ခုနှစ်မှာတည်ထောင်ခဲ့တာပါ။ ရတနာပုံသင်္ဘောကျင်း အပါအဝင် စက်ရုံတော်ပေါင်း ၅၀ ကျော်ကို စက်ရုံဌာနအဖြစ် ဖွဲ့စည်းပြီး သားတော် သီရိမဟာသုဓမ္မရာဇာမက္ခရာမင်းသားကို အုပ်ချုပ်စေခဲ့တယ်။
 
ရတနာပုံစက်ရုံတော်မှာတပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေဟာ စကော့တလန်ပြည် ဒန်ဒပ်(စ်)နှင့် စမစ်ကုမ္ပဏီထွက်ပစ္စည်းတွေက အများစုဖြစ်ခဲ့တယ်။ စက်ရုံမှာအမှုထမ်းပေါင်း ၁၂၇ ဦးရှိပြီးလစာအနေနှင့် စပါး ၂၈၅၅ တင်းရရှိပါသတဲ့။ ရတနာပုံစက်ရုံတော်ကခရစ် ၁၈၇၀ မတိုင်မီမှာပဲ မြစ်တွင်းသွားမီးသင်္ဘောတွေကိုစတင်တည်ဆောက်ခဲ့ပါပြီ။ ၁၈၇၀ ခုနှစ် စက်တင်ဘာ ၇ ရက်န့မှာပဲ ကျွန်းသားကိုယ်ထည်နှင့်ရေနွေးငွေ့ အင်ဂျင် တပ်ဆင်ထားတဲ့ ပထမဆုံးသင်္ဘောကို ရေချနိုင်ခဲ့တယ်။ သင်္ဘောတော်ရဲ့ အရွယ်အစားကအလျား ၁၈၀ပေ၊ အနံ ၂၄ နှင့် ဇောက် ၆ပေ ရှိသတဲ့။ သင်္ဘောမှာတပ်ဆင်တဲ့ စက်ပစ္စည်းတွေကဆပ်ပလင်၊ မက္ကင်ဇီ၊ ဒေါ်ဆင်၊ ဆပ်ပဆင်နှင့် အက်ဒပန်ဂျုံးကုမ္ပဏီတွေက ဝယ်ယူခဲ့တာပါတဲ့။ ၁၈၇၁ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာတော့ အလားတူရေယာဉ်နှစ်စီးကို “မင်းခမ်းမင်းနား” နှင့် ရချနိုင်ခဲ့တယ်။
 
တစ်ခါ ၁၈၇၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ရောက်တော့ မြန်မာလက်သမားဆရာ “ဆရာရှမ်း” တည်ဆောက်တဲ့ အမြောက် ၁၄ လက် တပ်ဆင်တဲ့ တိုက်သင်္ဘောတစ်စီးရေချနိုင်ပြန်တယ်။ ရေနွေးငွေ့အင်ဂျင်သုံးတိုက်သင်္ဘောတော်ကို ရေချရာမှာ အမြောက် ၁၄လက်စလုံးကို ပစ်ဖောက်ပြနိုင်ခဲ့သတဲ့။ ၁၈၇၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နောက်ထပ် သင်္ဘောတစ်စီးရေချနိုင်ခဲ့ပြီး မကြာမီရက်တွေအတွင်း သင်္ဘော ၃စီး ထပ်မံရေချခဲ့တယ်။
 
ရတနာပုံစက်ရုံတော်က ကျွန်းသားကိုယ်ထည် သင်္ဘောတော်များ ဆက်တိုက်တည်ဆောက်ပြီးတဲ့နောက်၊ ပထမဆုံးသံကိုယ်ထည်သင်္ဘောကို ၁၈၇၃ ခုစက်တင်ဘာ ၉ ရက်မှာ ရေချခဲ့တယ်။ ဒီသင်္ဘောက မြစ်တွင်းသွားစက်ရဟတ်တပ်သင်္ဘောဖြစ်ပြီး သင်္ဘောရေချပွဲကို မက္ခရာမင်းသား၊ရွှေကူမင်းသားတို့ ကိုယ်တိုင်တက်ရောက်ကာ မင်းခမ်းမင်းနားနဲ့ ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့ပါတယ်။ ၁၈၇၅
ခုနှစ်အတွင်းမှာပဲ ရတနာပုံစက်ရုံတော်ကတည်ဆောက်ခဲ့တဲ့ မြစ်တွင်းသွားသင်္ဘောတစ်စင်းကို အမြောက် ၁၂ လက်တပ်ဆင်ကာ စစ်ရေးလေ့ကျင့်ခဲ့ပြီး နောက်ထပ်သင်္ဘောတစ်စင်းကို အမြောက် ၁၄ လက် တပ်ဆင်ခဲ့တယ်။ ဧပြီလအတွင်းရောက်တော့ အမြောက် ၁၄ လက် စစ်သင်္ဘောက ဗန်းမော်ထိ ဆန်တက် ခုတ်မောင်းခဲ့သတဲ့။ လက်ထက်တော်ကြီး၊ လက်ထက်တော်လေးကာလအတွင်းကနောင်မင်းသားကြီးထူထောင်ခဲ့တဲ့ ရတနာပုံသင်္ဘောစက်ရုံတော်ကလူစီး၊ စစ်သုံးသင်္ဘောပေါင်း (၁၈)စင်းတည်ဆောက်နိုင်ခဲ့ပါတယ်။
 
ဒီလိုနဲ့ ၁၈၈၆ ခုနှစ်၊ အင်္ဂလိပ် ကိုလိုနီလက်အောက် ကျရောက်တော့ အဲဒီသင်္ဘော ၁၈စင်းနှင့်အတူ သံတိုမယ်နအားလုံးကို အင်္ဂလိပ်ပိုင် ဧရာဝတီ ဖလုတ်တီးလားကုမ္ပဏီကတန်ဖိုးငွေ (၄၅၀၀၀) ကျပ်နှင့် ဝယ်ယူလိုက်သတဲ့။ တွင်ခုံတွေ၊ ဖောက်ခုံတွေ၊ ဖြတ်ခုံတွေ၊ ရေဘော်ခုံ၊ မောင်းထိုးခုံ၊ အရစ်ဖော်ခုံ၊သံရည်ကျိုစက်၊ ပန်းပဲစက်၊ သံမှိုရိုက်စက်တွေအပြင် သံချိန်းကြိုး၊ သံပြားအသစ်များ၊ သံမှိုများ၊ ဘွိုင်လာကျူ့များ၊ ဟင်္ဂလိုင်းသံထည်များ၊ ကြေးနီကြေးဝါပိုက်များ၊ သံစိမ်းသံကြွပ်များလည်းပါသတဲ့။
 
လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာတော့ နိုင်ငံပိုင်အဖြစ် သိမ်းယူကာ “ရတနာပုံသင်္ဘောကျင်း” အမည်နှင့် ပြည်တွင်းသွားရေယာဉ်တွေကို ပြုပြင်ဆောင်ရွက်နေတာဒီကနေ့အထိပါပဲ။သမိုင်းအထောက်အထားများအရရတနာပုံခေတ်ကစက်ရုံတော်ပေါင်း ၅၀ကျာ်ရှိတယ်ဆိုရာမှာ … အခုထိအချို့စက်ရုံများကို မဖော်ထုတ်နိုင်သေးပါဘူး။
 
နန်းမြို့တွင်းရှိ မင်းတုန်းမင်းကြီးဂူဗိမာန်နှင့် မလှမ်းမကမ်းရှိ ဒင်္ဂါးစက်ရုံတော်ရှိတယ်။ မြောက်ပြင် မှာ အခုဘီယာနှင့် အရက်ချက်စက်ရုံက ရတနာပုံခေတ်ရဲ့လက်နက်စက်ရုံတော်ကြီးဖြစ်တယ်။နောက်ထပ် လက်နက်စက်ရုံတော်က အနောက်ပြင် နဘဲကြူးအရပ်မှာလည်းရှိသလို၊ နန်းတော်အရှေ့ဖက်မှာလည်း တစ်ရုံရှိတယ်။ စစ်ကိုင်းရွှေတောင်ဦးမော်အရပ်မှာ သံဖိုစက်ရုံရှိတယ်။ မန္တလေးအနောက်ပြင် မီးခြစ်စက်ရုံကလည်းရတနာပုံခေတ်က သံစက်ရုံတည်ရာဖြစ်တယ်။ အမရပူရမှာက မဲနယ်စက်ရုံ၊မဲနယ်ကန်တွေရှိတယ်။ နန်းတွင်းမြောက်ဥယျာဉ်တော်မှာ စာပုံနှိပ်စက်ရုံတော်ရှိတယ်။ အနောက်ပြင် ပြည်ကြီးကျက်သရေရပ်၊ ရွှေကျီးမြင်ဘုရားတောင်ဖက်မုခ်အနီးမှာ ရတနာပုံနေပြည်တော် သတင်းစာတိုက်နဲ့ပုံနှိပ်စက်ရှိတယ်။ အနောက်ပြင်ဂါဝိန်တံခါးလမ်းမှာ ဂွမ်းကြိတ်စက်ရုံရှိတယ်။ ပိုက်ကျုံးမှာသကြားစက်ရုံတော်ရှိတယ်။ လွှစက်ရုံတော်ရှိတယ်။
ပန်းဆက်တံခါးအထွက်မှာ သင်္ဘောစက်ရုံတော်ရှိတယ်။ ဒီစက်ရုံတော်များအနက် အများစုကပျောက်ကွယ်သွားပြီး အချို့က မူလနေရာမှာအခြားစက်ရုံများအဖြစ် အသွင်ပြောင်းနေပါပြီ။
 
ဒီအထဲမှာမှ ရတနာပုံသင်္ဘော စက်ရုံတော်ကဖြင့် မူလနေရာမှာပဲ မူလအတိုင်း ခေတ်နှင့်အညီပြောင်းလဲကာ “ရတနာပုံသင်္ဘောကျင်း” အဖြစ်၊နှစ်ပေါင်း၁၆၀ကျာ် တည်ရှိနေခြင်းဟာ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါကြောင်း။ ။
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW