ဇူလိုင် ၁၄ – ၂၀၂၃
GG (VOM)
မန္တလေးတိုင်း၊ အမရပူရမြို့နယ် ၊စာတိုးမြို့ပြင်ကြီးရွာအုပ်စု ၊ စက်ကွေ့ရပ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးမှာ ဖွင့်လှစ်ထားတဲ့ ” မောင်ဒိန်းရွှေဆိုင် ” ဓားပြတိုက်ခံရပြီး သိန်းထောင်ချီတန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ မနေ့ ဇူလိုင် ၁၃ ရက် မနက် ၁၂ နာရီခန့်မှာ အမည်မသိအမျိုးသား ၄ ယောက်ရောက်လာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဆိုင်ထဲကရွှေထည်ပစ္စည်းတွေကို လုယက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
” မနက် ၁၁ နာရီ ၅၀ လောက်မှာ ဓားပြတိုက်တာလို့သိရတယ်။သေနတ်တွေ ပါတယ်။မှန်ဘောင်ရိုက်ခွဲပြီး ရွှေတွေယူသွားတယ် ။ လူတွေတော့ ထိခိုက်မိတာမရှိဘူးလို့သိရတယ်။ မက်စ်တွေတပ်ထားတော့ လူကိုသေချာမမြင်ရပေမယ့် လူငယ်ပုံစံလို့ပြောတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေဆိုင်ကနေ ဓားပြတိုက်ခံလိုက်ရတဲ့ ပစ္စည်းတွေအနေနဲ့ ကနဦးသိရတာက အလေးချိန် ၂၀ ကျပ်သားဝန်းကျင်ရှိတဲ့ ရွှေဆွဲကြိုး ၄၁ ခု ၊အလေးချိန် ၂၄ ကျပ်သားဝန်းကျင်ရှိတဲ့ရွှေနားကပ် ၁၃၇ ရံ၊အလေးချိန် ၇ ကျပ်သားရှိတဲ ဟန်းချိန်း၂၁ ခုနဲ့ တစ်ကျပ်သား ရှိတဲ့ ရွှေကလစ် ၄ ခု ပါသွားတယ်လို့ သိရပါတယ်။
” တန်ဖိုးက သိန်း ၁၅၀၀ လောက်ရှိတယ်လို့ လောလောဆယ် ဆိုင်ဘက်က စာရင်းအရသိရတယ်။နဂိုကတည်းကလုပ်ဖို့ ကြိုတင်စီစဥ်ထားတဲ့ပုံပါ။ကားနဲ့အဆင်သင့်လာတယ်၊သေနတ်ပစ်တယ်၊မှန်ခွဲတယ် ပစ္စည်းတွေယူသွားတယ် ” လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ရွှေဆိုင် ဓားပြတိုက်သွားသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေတာတွေလုပ်နေပေမယ့် အခုချိန်ထိတော့ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။
#voiceofmyanmar #VOM #အမရပူရ #ရွှေဆိုင်ဓားပြမှု