ကလေးငယ်တွေမှာ လက်ရှိ အဖြစ်များနေတဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပက်သက်ပြီး ဒေါက်တာစိုင်းမြတ်သူ (ကလေးဆရာဝန်) နဲ့ ဆက်သွယ်မေးမြန်းခြင်း

ကလေးငယ်တွေမှာ လက်ရှိ အဖြစ်များနေတဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပက်သက်ပြီး ဒေါက်တာစိုင်းမြတ်သူ (ကလေးဆရာဝန်) နဲ့ ဆက်သွယ်မေးမြန်းခြင်း

“လူတွေသိထားကြတာက နေ့ခင်းဘက်မှာ ကိုက်တဲ့ခြင် ဆိုပြီး သိထားကြတယ်။ အဲ့ဒီတော့ နေ့ခင်းကို ဂရုစိုက်ကြတာတော့မှန်တယ်။ ဒါပေမယ့် ခြင် တကယ်တမ်း ထကြွ သောင်းကျန်းတဲ့ အချိန်ကကျတော့ နေ့ခင်းဆိုတာထက် မနက် မိုးလင်းတဲ့အချိန် မနက် ၆ နာရီကနေ ၈ နာရီ ကြားထဲရယ်၊ ညနေ ၄ နာရီကနေ ၆ နာရီ၊ ညနေစောင်းအချိန်ရယ်။ ဒီအချိန်တွေမှာလည်း အဓိက ခြင် သောင်းကျန်းတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီတော့ လူတွေက အဲ့ဒီအချိန်လေးတွေကျ လွတ်သွားတတ်တယ်။ အဲ့ဒီတော့ မနက် အိပ်ရာထတဲ့အချိန်နဲ့ ညနေစောင်းတဲ့ အချိန်လေး ဒီခြင်တွေရဲ့ လှုပ်ရှားမှုအများဆုံးဖြစ်တဲ့ အချိန်မှာ ခြင်ကိုက်မခံရအောင် သတိထားရမယ်”

ဇူလိုင် ၂၃-၂၀၂၃
SN (VOM)

အခုလို မိုးရာသီမှာ ရာသီတုပ်ကွေးရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါတို့နဲ့အတူ အဖြစ်များနေတဲ့ နောက်ထပ်ရောဂါတစ်မျိုးကတော့ သွေးလွန်တုပ်ကွေးရောဂါပဲ ဖြစ်ပါတယ်။

လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါဟာ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ အဖြစ်များနေပြီး တနင်္သာရီတိုင်းမှာ အများဆုံး၊ ဧရာဝတီတိုင်းမှာ ဒုတိယအများဆုံးနဲ့ ရန်ကုန်တိုင်းမှာ တတိယ အများဆုံး ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနေတာဖြစ်ပြီး အထူးသဖြင့် အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကလေးတွေမှာ အများဆုံး ဖြစ်ပွားနေသလို အသက် ၁၅ နှစ်နဲ့အထက် လူကြီးတွေမှာပါ ဖြစ်ပွားလျက်ရှိကာ သေဆုံးမှုနှုန်း မြင့်မားတဲ့ ရောဂါဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၇၁၇ ဦး ရှိပြီး သေဆုံးသူ ၇ ဦးရှိတယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ရရှိတဲ့ အချက်အလက်တွေအရ ၂၀၂၀ ပြည့်နှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၅၁၃၁ ဦးတွင် သေဆုံးသူ ၆၈ ဦး၊ ၂၀၂၁ ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၄၄၆ ဦးနဲ့ သေဆုံးသူ ၃၆ ဦး၊ ၂၀၂၂ ခုနှစ်တွင် သွေးလွန်တုပ်ကွေး‌ရောဂါ ဖြစ်ပွားသူ ၂၄၉၇၁ ဦးနဲ့ သေဆုံးသူ ၉၇ ဦးရှိပြီး နှစ်စဉ်ပျမ်းမျှ သေဆုံးမှု ၀ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်လို့ သိရှိထားသင့်တဲ့ အကြောင်းအရာတွေ၊ သတိပြု လိုက်နာသင့်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာစိုင်းမြတ်သူ (ကလေးဆရာဝန်)ကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever) က ဘယ်လိုကနေ ဖြစ်ပွားလာတဲ့ ရောဂါပါလဲဆရာ။

ဖြေ- သွေးလွန်တုပ်ကွေးကတော့ အဓိက ကတော့ မိုးတွင်းမှာပိုပြီး ဖြစ်တတ်တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ မိုးတွင်းမှာ ခြင်ပေါက်ဖွားမှုက ပိုများတယ်။ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ခြင်က Aedes ခြင်၊ ရေကြည်ရေသန့်မှာပေါက်တဲ့ ခြင် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိုးတွင်းကျတော့မိုးရွာတော့ ရေကြည်တွေတင်ကျန်တဲ့နေရာများလာတော့ ခြင်က ပိုပေါလာတာပေါ့။ အဲ့ဒီ့အခါမှာ Aedes ခြင် ပေါက်ဖွားမှုက ပိုများလာတယ်၊ သွေးလွန်တုပ်ကွေးကလည်း ဒီခြင်ကနေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိုးတွင်းမှာ ဒီရောဂါ ပိုပြီး ဖြစ်တာများတာပေါ့။

မေး- ဒီရောဂါဖြစ်ပွားပုံကိုလည်း သိချင်ပါတယ်ဆရာ။

ဖြေ- ဖြစ်တာကတော့ ခြင်ကြားလို့ခေါ်တဲ့ ခြင်ကြောင့်ဖြစ်တယ်။ ဒါပေမယ့် လူတွေသိထားကြတာက နေ့ခင်းဘက်မှာ ကိုက်တဲ့ခြင် ဆိုပြီး သိထားကြတယ်။ အဲ့ဒီတော့ နေ့ခင်းကို ဂရုစိုက်ကြတာတော့မှန်တယ်။ ဒါပေမယ့် ခြင် တကယ်တမ်း ထကြွ သောင်းကျန်းတဲ့အချိန်ကကျတော့ နေ့ခင်းဆိုတာထက် မနက် မိုးလင်းတဲ့အချိန် မနက် ၆ နာရီကနေ ၈ နာရီ ကြားထဲရယ်၊ ညနေ ၄ နာရီကနေ ၆ နာရီ၊ ညနေစောင်းအချိန်ရယ်။ ဒီအချိန်တွေမှာလည်း အဓိက ခြင်သောင်းကျန်းတဲ့အချိန်ဖြစ်တယ်။ အဲ့တော့ လူတွေက အဲ့အချိန်လေးတွေကျ လွတ်သွားတတ်တယ်။ အဲ့တော့ မနက် အိပ်ရာထတဲ့အချိန်နဲ့ ညနေစောင်းတဲ့ အချိန်လေး ဒီခြင်တွေရဲ့ လှုပ်ရှားမှုအများဆုံးဖြစ်တဲ့ အချိန်မှာ ခြင်ကိုက်မခံရအောင် သတိထားရမယ်။

ပြီးတော့ ဒီခြင်တွေက အနီးပျံတဲ့ခြင်။ အနီးပျံတယ်ဆိုတာက အဝေးကြီး မသွားနိုင်ဘူး၊ မီတာ ၃၀၀ အတွင်းမှာပဲ ပျံနိုင်တဲ့အတွက်ကြောင့်မို့လို့ တစ်ယောက်ဖြစ်ပြီးရင် အဲ့ဒီနေရာလေးမှာပဲ ကွက်ပြီး စုပြီး နောက်ထပ် နောက်ကလေးတွေ ထပ်ဖြစ်စေနိုင်တယ်။ ခြင်က အဝေးကြီးမပျံနိုင်တော့ အဲ့ဒီပတ်ဝန်းကျင်မှာပဲ ပတ်နေတာမျိုးပေါ့။ ဒါကတော့ သွေးလွန်တုပ်ကွေး ဖြစ်စေတတ်တဲ့ ဒီခြင်ကြားရဲ့အကြောင်းလေးပေါ့။

မေး – ရောဂါလက္ခဏာနဲ့ ဒီရောဂါဖြစ်ရင် ဘယ်လောက်အထိ ကြာတတ်လဲ သိချင်ပါတယ်ဆရာ။

ဖြေ- ဖြစ်တာကတော့ ဗိုင်းရပ်စ်ကြောင့်ပဲ။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်တစ်မျိုးပဲ ဖြစ်တယ်။ စဖြစ်ဖြစ်ချင်းကတော့ နှစ်ရက်ကနေ ငါးရက်၊ ခုနစ်ရက်လောက်အထိ ကြာတတ်တယ်။ စ ဖျားဖျားချင်း တစ်ရက်မြောက်နဲ့ နှစ်ရက်မြောက်မှာတော့ သာမန်တုပ်ကွေးလိုပဲသူက။ ကလေးတွေဖျားမယ်၊ ချောင်းဆိုးလည်း ရှိနိုင်မယ်၊ ခေါင်းတွေကိုက်၊ ကိုယ်တွေလက်တွေ ကိုက်ခဲတာလည်း ရှိနိုင်မယ်။ သူက သုံးရက်မြောက်၊ လေးရက်မြောက်၊ ငါးရက်မြောက် ရောက်လာရင်တော့ တချို့ကလေးတွေမှာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်လာတာပေါ့။ အဲ့ဒီတော့ ဒီရက်လေးတွေ ရောက်လာပြီဆိုရင်တော့ ပုံမှန် ရိုးရိုး သွေးလွန်တုပ်ကွေး အဆင့်လောက်နဲ့ ပြီးသွားတဲ့ကလေး ဆိုရင်တော့ ပြဿနာမရှိဘူး။

တကယ်လို့များ နှစ်ရက်ကျော်ထိဖျားလာတယ်ဆိုလို့ရှိရင်တော့ torniquet test လုပ်လိုက်လို့ရှိရင် ( လက်မောင်းမှာ သွေးပေါင်ချိန်လက်ပတ်ပတ်ပြီး တိုင်းတာလို့ လူတွေသိကြတယ်) လက်ဖျံမှာ အနီစက်ပေါ်တာကိုကြည့်ပြီး သွေးလွန်တုပ်ကွေးသံသယ ရှိ၊ မရှိ စစ်တယ်။ အဓိက ဆုံးဖြတ်တာကတော့ သွေးစစ်ချက်ပါ။ သွေးစစ်တာက အဖျားသုံးရက်မြောက်ပေါ့နော် ၄၈ နာရီကျော်မှသာ စစ်ကြတာဖြစ်တယ်။ သွေးစစ်တဲ့အခါမှာလည်း အဲ့ဒီအချိန်မှပဲ သွေးအဖြေ အမှန်ပေါ်တယ်။

ရောဂါလက္ခဏာအနေနဲ့ တော့ ခန္ဓာကိုယ်မှာ အနီစက်လေးတွေ ထွက်လာတာရှိမယ်။ ဒီ့ထက်ဆိုးလာရင် နှာခေါင်းသွေးလျှံ၊ သွားဖုံး သွေးယိုမယ်။ အစာအိမ်ထဲမှာ သွေးထွက်လို့ရှိရင် အစာအိမ်ရဲ့အက်စစ်ဓာတ်နဲ့ ပေါင်းပြီး အရောင်ပြောင်းသွားတော့ အနီ‌ရောင်မဟုတ်ဘဲ ကော်ဖီရောင်ဖြစ်သွားပြီးတော့ ကော်ဖီရောင်တွေ အန်တာရှိမယ်။

အူလမ်းကြောင်းထဲမှာ သွေးထွက်လို့ရှိရင် ဝမ်းသွားတဲ့အခါမှာ အမည်းတွေသွားမယ်၊ ဓာတ်ပြုပြီးတော့ အနီရောင်ကနေ အမည်းရောင်ဖြစ်မယ်။ ဒီအဆင့် ရောက်လာပြီဆိုရင်တော့ မဖြစ်မနေ ဆေးရုံကိုသွားဖို့ လိုကိုလိုအပ်တယ်။ အဆင့် (၃) ဆိုရင်တော့ သွေးလန့်တဲ့အဆင့်၊ အရေးကြီးတဲ့အဆင့် ဖြစ်တယ်။ ဆေးရုံ မဖြစ်မနေ သွားရမယ့်အဆင့် ဖြစ်တယ်။

မေး- ဒီရောဂါ ဖြစ်လာတဲ့အခါမှာ ဘယ်လိုဂရုစိုက် ပြုစုသင့်ပါသလဲဆရာ။

ဖြေ- သူက တုပ်ကွေးလိုပဲ စပြီးဖြစ်တာ ဖြစ်တဲ့အတွက် တုပ်ကွေးမှာလိုပဲ အဖျားမကြီးအောင် ပါရာစီတမောလ်တိုက်မယ်။ ရေပတ်တိုက်လို့ရတယ်၊ အဖျားအရမ်းကြီးလွန်းရင် ရေချိုးချလို့ ရတယ်။ ကလေးကို ရေများများတိုက်ဖို့လည်း လိုအပ်တယ်။ အစားအသောက်ကတော့ အစာဖြတ်စရာမလိုဘူး။ ပုံမှန် စားနိုင်တဲ့အစားအသောက်ကို ကျွေးလို့ရတယ်၊ တစ်ခုပဲ အညိုရောင်၊ အမည်းရောင် အန်လိုရှိရင် ကော်ဖီရောင်အန်တာနဲ့ ရောမှာစိုးလို့ အညိုရောင်၊ အမည်းရောင် အစားအသောက်တွေဖြစ်တဲ့ မကျွေးရဘူး။ ဥပမာ ကော်ဖီ၊ လက်ဘက်ရည်၊ မိုင်လို၊ မုန့်ဟင်းခါး၊ ချော့ကလက် အဲ့ဒီလို ညိုတဲ့ မည်းတဲ့ အစားအသောက်တွေ မကျွေးမိဖို့ လိုအပ်တယ်။ ဒါကတော့ အစားနဲ့ရေနဲ့ရယ် ပြုစုလို့ ရတာလေးရယ်ပေါ့လေ။ အဲ့ဒါလေးတွေလုပ်ပေးပြီး ပြုစုလို့ရတယ်။ သွေးလွန်တုပ်ကွေး ရောဂါလို့ သေချာသွားပြီဆိုရင်တော့ ကိုယ်ပြနေတဲ့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်ပေးဖို့ လိုအပ်တယ်။

မေး- ကာကွယ်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်ဆရာ။

ဖြေ- ကာကွယ်မှုအနေနဲ့ကတော့ အဓိက ကတော့ ခြင်ကို ကာကွယ်ရမှာ။ အဲ့ဒီတော့ ဖုံး (ရေသိုလှောင်နေရာတွေ အဖုံးဖုံးပါ)၊ သွန် (မလိုတဲ့ ရေသွန်ပါ)၊ လဲ (ပန်းအိုး၊ ရေကန် အမြဲလဲလှယ်ပါ)၊ စစ် (လှောင်ထားတဲ့ရေကို စစ်ပြီး သုံးပါ)၊ လှဲ (ရေမဝပ်အောင် သေချာလှဲကျင်းပါ)၊ မြှုပ် (အမှိုက်များ ကျွင်းတူးမြှုပ်နှံပါ)၊ လောင်း (ပိုးလောက်လန်းပေါက်လျှင် ဒီဇယ်လောင်းပါ)၊ ခပ် (ပိုးလောက်လန်းသေဆေး Abate အဘိတ် ခပ်ပါ)၊ ရှင်း (တာယာစုတ်၊ ခြုံ၊ မြက်များ ရှင်းလင်းပါ)၊ မှုတ် (ရပ်ရွာအလိုက် ခြင်ဆေးဖြန်းမှုတ်ပါ)။ ဒါတွေ လုပ်ပေးဖို့ လိုတယ်။ ပြီးတော့ ခြင်ကိုကာကွယ်ဖို့က အကိုက်မခံရအောင် ကာကွယ်ဖို့ပေါ့။ အဲ့တော့ ခြင်လုံဇကာတွေ တပ်တာဖြစ်ဖြစ်၊ အိပ်တဲ့အခါမှာ ခြင်ထောင်နဲ့ သိပ်တာဖြစ်ဖြစ် ခြင်အကိုက်မခံရအောင် ကာကွယ်နိုင်ပါတယ်။

နောက်တစ်ခုက ဘယ်တုပ်ကွေးမဆိုဘဲ၊ ဘယ်ရောဂါမဆို ကိုယ်ခံအားကောင်းလို့ရှိရင် သက်သာတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကလေး ကိုယ်ခံအားကောင်းအောင် အိပ်ရေးဝဝအိပ်မယ်။ အာဟာရ ညီညွတ်တဲ့ အစားအစာလေးတွေကို ကျွေးပေးဖို့ လိုအပ်တယ်။

မေး- သွေးလွန်တုပ်ကွေးက တစ်ခါဖြစ်ပြီး နောက်တစ်ခါ ပြန်ဖြစ်ရင် ပိုဆိုးတတ်တယ်လို့ သိရပါတယ်ဆရာ။ ဒါနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦးဆရာ။

ဖြေ- ဟုတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ပထမတစ်ခါ ဖြစ်ပြီးသွားလို့ နောက်တစ်ခါ ပြန်ဖြစ်လို့ရှိရင် ပိုဆိုးတတ်ပါတယ်။ ပထမတစ်နှစ်မှာ သွေးလွန်တုပ်ကွေး ဖြစ်ပြီးတဲ့ကလေးဆိုရင် နောက်တစ်နှစ်မှာ ထပ်မဖြစ်‌ဖို့ ပိုပြီးတော့ ဂရုစိုက်ရတယ်။ ဒုတိယတစ်ခေါက်မှာ ထပ်ဖြစ်ရင် ပိုဆိုးတတ်တယ်။ အဆင့် ၁ နဲ့မရပ်ဘဲ ၂၊ ၃၊ ၄ အထိ ရောက်သွားနိုင်ခြေ ပိုများပါတယ်။

မေး- ဟုတ်ကဲ့ပါဆရာ။ ဒီ‌ သွေးလွန်တုပ်ကွေး ရောဂါအတွက် ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့ဆေး မရှိသေးဘူးလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦးဆရာ။

ဖြေ- ဟုတ်တယ်။ ဆရာတို့ဒီမှာက ရပ်ကွက်ထဲမှာ ထိုးနေကြတာတွေက တုပ်ကွေးကာကွယ်ဆေးဖြစ်တယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး မဟုတ်ဘူး။ တုပ်ကွေးကာကွယ်ဆေးက ရိုးရိုး ရာသီတုပ်ကွေးကိုပဲ ကာကွယ်နိုင်တယ်၊ သွေးလွန်တုပ်ကွေးကို မကာကွယ်နိုင်ဘူး။ ဒါကို မရောဖို့ လိုအပ်တယ်။

မေး- ဒီ သွေးလွန်တုပ်ကွေးရောဂါက ဘယ်ရောဂါအမျိုးအစားနဲ့ ဆင်တူတတ်ပါသလဲဆရာ။

ဖြေ- ရာသီတုပ်ကွေးနဲ့ ဆင်တူတတ်တာပေါ့။ ဖြစ်တဲ့အချိန်ကလည်း ရာသီတုပ်ကွေးအချိန်ပဲ ဖြစ်တဲ့အတွက်ကြောင့် ဆိုတော့လေ။

မေး- ဒီရောဂါကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း သိချင်ပါတယ်ဆရာ။

ဖြေ- ‌ဒီ‌ရောဂါ ဆိုးရွားလာရင် နောက်ဆက်တွဲ အသည်းရောင်တာ၊ ကိုယ်‌တွင်းကလီစာ ရောင်တာလေးတွေ ရှိလာနိုင်တယ်။ ဒါပေမယ့် ဒါတွေက တအားကြီး ဆိုးဆိုးရွားရွားမှသာ ဖြစ်တတ်တာပါ။ များသောအားဖြင့် ပြန်ကောင်းကြတာ များပါတယ်။ တစ်ခုရှိတာက သွေးလွန်တုပ်ကွေး ဖြစ်ပြီးသွားလို့ ကောင်းသွားပြီးလို့ရှိရင် အဖျားကျပြီး နှစ်ရက်လောက်နေရင် အနီရောင် ပြင်လိုက်တွေ ထွက်လာတတ်တယ်။ အဲ့ဒီ့ အနီပြင်တွေဟာ သွေးလွန်တုပ်ကွေးရောဂါ ပြီးသွားတဲ့ လက္ခဏာ၊ ရောဂါ ထွက်သွားတဲ့ လက္ခဏာဖြစ်တယ်။ အဲ့ဒီအချိန် အဖျားမရှိဘဲထွက်လာတဲ့ အနီပြင်တွေက စိုးရိမ်စရာမရှိဘူး။ ကောင်းသွားတဲ့ လက္ခဏာဖြစ်ပါတယ်။

မေး- ဒီရောဂါက ဘယ်အသက်အရွယ်တွေမှာ ပိုပြီး အဖြစ်များတတ်ပါသလဲဆရာ။

ဖြေ- ဒီရောဂါက အဓိက ကတော့ ကလေးတွေပဲဖြစ်တာ များတာပေါ့။ လသားကလေးလည်း ဖြစ်တတ်တယ်၊ ရှားတော့ရှားတယ် ဆိုပေမယ့် ဖြစ်တတ်တယ်။ လသားကနေ ၁၆ နှစ်အထိကတော့ ဖြစ်တတ်ကြသေးတယ်။

မေး- ဒီရောဂါက ရောဂါအခံရှိတဲ့ ကလေးတွေဖြစ်ရင် အန္တရာယ်ပိုရှိနိုင်ပါသလားဆရာ။

ဖြေ- ကိုယ်ခံအားနည်းတဲ့ကလေးတွေ၊ မွေးရာပါ ရောဂါအခံတစ်ခုခု ရှိထားတဲ့ ကလေးတွေ၊ အသက်ကြီးလာပြီးတော့မှ အကြောင်းတစ်ခုခုကြောင့် နာတာရှည်ရောဂါတစ်ခုခု ဝင်သွားတဲ့ ကလေးတွေမှာဖြစ်စေ၊ သူတို့မှာဆိုရင်တော့ ပိုဆိုးနိုင်တာပေါ့။

မေး- လက်ရှိမှာလည်း သွေးလွန်တုပ်ကွေးက ဖြစ်နေတယ်၊ တချို့ကလေးတွေဆို အသက် သေဆုံးတဲ့အထိ ဖြစ်တဲ့ကလေးတွေလည်း ရှိနေတာဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ပြောကြားချင်တာများ ရှိပါသေးလား။

ဖြေ- အဓိက ကတော့ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်သေးတဲ့အချိန်မှာတော့ ကာကွယ်မှုပေါ့၊ ခြင်ကိုက်မခံရအောင်၊ ခြင်မပေါက်ပွားအောင်၊ ကိုယ့်ကလေးဆီ ခြင်မရောက်အောင် ကာကွယ်ဖို့ပေါ့။ စစချင်းမှာ ခုဏကပြောခဲ့သလိုမျိုး တုပ်ကွေးမှာ ကာကွယ်တဲ့အတိုင်းကို၊ တုပ်ကွေးမှာ ပြုစုကုသတဲ့အတိုင်းကို ပြုစုဖို့လိုအပ်တယ်။ အဲ့ဒီလို ပြုစုနေရင်းနဲ့မှ နောက်ပိုင်းမှာ သွေးလွန်တုပ်ကွေးလို့ ယူဆလို့ ခုဏကပြောတဲ့ အရေးကြီးတဲ့အဆင့်ဖြစ်တဲ့ အဆင့် (၂) ရဲ့အချက်တွေကို မြင်ပြီဆိုတာနဲ့ မြင်မြင်ချင်း ဆေးရုံ၊ ဆေးခန်းကို အမြန်သွားဖို့ အရေးကြီးတယ်။ အဲ့ဒီလို အမြန်သွားပြီးနောက်ပိုင်း နောက်ဆက်တွဲ လုပ်ရမယ့်ကိစ္စကတော့ ဆရာဝန်ရဲ့ကိစ္စ ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ ဆက်လုပ်ပါလို့ ပြောချင်ပါတယ်။ ။

#voiceofmyanmar #VOM #သွေးလွန်တုပ်ကွေးရောဂါ #ကျန်းမာရေးဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW