အိမ်သုံး LPG ဂက်စ်တွေ ခွဲတမ်းရရှိမှုနည်းလာလို့ လိုသလောက်ဝယ်မရ ဖြစ်နေ

ဇူလိုင် ၂၈ – ၂၀၂၃
SN (VOM)

မီးဖိုချောင်သုံး LPG ဂက်စ်ကုမ္ပဏီတွေ ခွဲတမ်းရရှိမှု နည်းလာတာကြောင့် လိုသလောက်ဝယ်မရ ဖြစ်နေ‌တယ်လို့ လက်လီလက်ကား အရောင်းဆိုင်တွေဆီက သိရပါတယ်။

လျှပ်စစ်မီး မမှန်ခြင်းကြောင့် နေအိမ်နဲ့ စားသောက်ဆိုင်တွေမှာ ဂက်စ်အိုးတွေကို အသုံးပြုမှု ပိုများလာကြပြီး လက်ရှိမှာ LPG ဂက်စ်တွေ လိုသလောက်ဝယ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိလာနေတယ်လို့ သိရပါတယ်။

“အခုက ဂက်စ်က ပြတ်သလောက် ဖြစ်နေပြီ။ ခွဲတမ်းမရတဲ့ကုမ္ပဏီတွေလည်း များတယ်။ ဒါ့ကြောင့် ဒီလကုန်ပြီးလောက်မှာ ဈေးလည်း ထပ်တက်လာနိုင်‌ခြေရှိတယ်။ ငွေလဲဈေးနှုန်းတွေကလည်း တက်နေတာဆိုတော့လေ။ ဒါပေမယ့် ဒီလိုပြောလိုက်လို့ သုံးစွဲ‌သူတွေ အရမ်းကြီး အဝယ်မကြမ်းစေချင်ဘူး။ လုံးဝ ပြတ်သွားမှာလည်း စိုးရိမ်ရတယ်လေ”လို့ ဂက်စ် လက်လီလက်ကား အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ သုံးစွဲနေတဲ့ အိမ်သုံးဂက်စ်တွေကို မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကနေ တင်သွင်းနေတာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲဈေး မြင့်တက်မှုတွေကြောင့် ဂက်စ်ရရှိနိုင်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။

မီးဖိုချောင်သုံး ဂက်စ်တွေဟာ အခုတစ်ပတ်အတွင်းမှာ ဈေးအနည်းငယ် မြင့်တက်လာခဲ့ပြီး တစ်ပိဿာ ၄၅၀၀ ကျပ်ဝန်းကျင်ကနေ ၅၅၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။

အဲ့ဒီ့ မီးဖိုချောင်သုံးဂက်စ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တစ်ပိဿာ ရှစ်ထောင်ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ရာက အခုတစ်ပတ်အတွင်း ပြန်လည် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

“အခုနောက်ပိုင်းက မီးကမှန်တော့တာမဟုတ်ဘူး။ အခြေအနေက ပိုတောင်ဆိုးလာသေးတယ်။ ပျက်တာက ပိုများနေတာ။ အဲ့ဒီတော့ မီးကို မျှော်ကိုးပြီး ချက်ပြုတ်ဖို့က ဘယ်လိုမှ အဆင်မပြေဘူး။ အချိန် အကန့်အသတ်နဲ့ မီးပေးနေတယ်ဆိုပေမယ့် လာရမယ့်အချိန်မှာ အပြည့်အဝ လာတာမျိုးလည်းမရှိတော့ လောလော‌ဆယ်တော့ မီးမွှေးရ အလုပ်ရှုပ်သက်သာတဲ့ ဂက်စ်မီးဖိုနဲ့ပဲ ချက်ပြုတ်နေရတာပေါ့။ မနေ့ကတော့ ဂက်စ်ကုန်နေလို့ ဆိုင်မှာသွားဖြည့်တယ်၊ အရင်လို ချက်ချင်းမရခဲ့ဘူး။ တစ်ရက်စောင့်ရတယ်။ လက်ခွဲယူရောင်းနေရလို့ အရင်လို ဝယ်သလောက်လည်း ရောင်းမပေးနိုင်တော့ဘူးတဲ့ ဆိုင်ကပြောတာ။ အခြေအနေ မကောင်းတော့ရင်တော့ ရိုးရာမပျက် မီးသွေးတို့ ထင်းတို့ဘက်ပဲ ပြန်လှည့်ရတော့မှာပေါ့”လို့ မြောက်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

LPG ဂက်စ်ဈေးကွက်အတွင်း ခွဲတမ်းမရတဲ့အတွက် ရောင်းချနိုင်မှုပမာဏ နည်းပါးလာတယ်လို့ ဆိုကြပေမယ့်လည်း ဈေးကစားဖို့အတွက် ဖြစ်နိုင်ကြောင်း ဂက်စ်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဈေးကစားနိုင်ဖို့အတွက် ထုတ်မရောင်းသေးတာလည်း ဖြစ်နိုင်တယ်။ ကုန်သည်တွေလက်ထဲ ဂက်စ်ကမရှိတော့ဘူးလို့ ပြောနေပေမယ့် ရှိနေပြီး ဈေးကွက်စောင့်နေတာလည်း ဖြစ်နိုင်တယ်။ အခုက ဈေးကထပ်တက်နိုင်ခြေလည်း ရှိနေတာကိုး”လို့ သူက ပြောပါတယ်။

အိမ်သုံးဓါတ်ငွေ့တွေဟာ မြန်မာနိုင်ငံမှာ ထွက်ရှိပေမယ့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ လုံလောက်တဲ့အထိ ထွက်ရှိမှုနည်းပါးတာကြောင့် ပြည်ပနိုင်ငံတွေက တင်သွင်းနေရခြင်း ဖြစ်ပါတယ်။

LPG ဓါတ်ငွေ့ကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသတချို့နဲ့ ဧရာဝတီတိုင်းအတွင်းမှ ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့တွေကိုသာ ထုတ်ယူနိုင်တယ်လို့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ရေနံရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ သိရပါတယ်။

LPG ဂက်စ်တွေဟာ အရင်က အသုံးပြုသူ နည်းပါးခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အသုံးပြုမှု တွင်ကျယ်နေပြီး စားသောက်ဆိုင်တွေသာမက နေအိမ်တိုင်းလိုလို ဂက်စ်မီးဖိုတွေကို အသုံးပြုလျက်ရှိကြ‌တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အိမ်သုံးဂက်စ်မီး #လိုသလောက်ဝယ်မရဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW