စင်ကာပူမှာ နှစ်ပေါင်း (၂၀)အတွင်း အမျိုးသမီးတဦးကို ပထမဆုံးအကြိမ် ကွပ်မျက်

စင်ကာပူ ၊ ဇူလိုင်-၂၈-၂၀၂၃
မျိုးဆက်(VOM)

စင်ကာပူနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးကို ဇူလိုင် ၂၈ ရက်မှာ ကွပ်မျက်ခဲ့ကြောင်း တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

စင်ကာပူနိုင်ငံသူ အသက် ၄၅နှစ်အရွယ် ဆာရီဒီဝီဂျမာနီ ဆိုသူအမျိုးသမီးဟာ ၂၀၁၈ ခုနှစ်မှာ ဘိန်းဖြူ ၃၀ ဂရမ် ရောင်း၀ယ်ဖောက်ကားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် အခုလိုကွပ်မျက်လိုက်တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ဇူလိုင်လမှာ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆာရီဒီဝီကို ဥပဒေအရ တရားမျှတတဲ့လုပ်ငန်းစဉ်အပြည့်နဲ့ ဆောင်ရွက်ခဲ့ကြောင်း စင်ကာပူမူးယစ်ဆေးဝါး ဗျူရိုက ထုတ်ပြန်ထားပါတယ်။

စင်ကာပူ အထူးတရားရုံးဟာ သူမအပေါ် သေဒဏ်ချမှတ်ထားခြင်းအပေါ် အယူခံကို လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၆ ရက်မှာ ပယ်ချခဲ့ပြီး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံစာတင်သွင်းမှုလည်း မအောင်မြင်ခဲ့ပါဘူး။

၂၀၁၇ ခုနှစ်မှာ ဘိန်းဖြူ ၅၀ ကီလို မှောင်ခိုကူးမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သူ စင်ကာပူနိုင်ငံသား မိုဟာမက်ဘင်အဇစ်ကို ဇူလိုင် ၂၆ ရက်တွင် ကြိုးပေးကွပ်မျက်ပြီးနောက် နှစ်ရက်အကြာမှာ ဆာရီဒီဝီကို ကွပ်မျက်လိုက်ခြင်းဖြစ်ပါတယ်။

စင်ကာပူနိုင်ငံဟာ လူ့အဖွဲ့အစည်းကို ကာကွယ်ရန်ဆိုကာ ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေအချို့ ချမှတ်ထားတဲ့နိုင်ငံဖြစ်ပါတယ်။

စင်ကာပူဥပဒေအရ ဆေးခြောက် ၅၀၀ ဂရမ် သို့မဟုတ် ဘိန်းဖြူ ၁၅ ဂရမ်ထက်ပိုပြီး မှောင်ခိုကူးသူတွေအတွက် သေဒဏ်ချမှတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW