မူဆယ်နဲ့ နမ့်ခမ်းကြားမှာ တပ်နဲ့ TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

ဩဂုတ် ၂- ၂၀၂၃
Shy V(VOM)

တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့ကြားရှိ ဇယ်လန့်ရွာအနီးတဝိုက်မှာ တပ်နဲ့ TNLA တို့အကြား ဒီကနေ့ ဩဂုတ် ၂ ရက် မနက် ၁၀ နာရီခွဲကျော်ခန့်ကစပြီး တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရွာထိပ်မှာ ဘုရားရှိတယ်လေ အဲ့ဒီနားမှာ ဖြစ်တာ။ ဒီမနက် ၁၀ နာရီကျော် ကတည်းက။ ရွာကလူတွေက ဘုန်းကြီးကျောင်းမှာ ထွက်ပြေး လာနေကြတယ်၊ လက်နက်ကြီးက နမ့်ဖတ်ကာ ဘက်ကတော့ ပစ်ကူနေတာ မရှိပေမယ့် မူဆယ် ၁၀၅ မိုင်ကနေ ပစ်ကူနေတယ်”လို့ ဒေသခံ အမျိုးသမီး ၁ ဦး ကပြောပါတယ်။

ဒေသခံအမျိုးသား ၁ ဦးကလည်း “ပစ်နေကြတယ် ပလောင်နဲ့။ အရင်နေ့တွေက အဆက်နေမှာပေါ့၊ မူဆယ် ၁၀၅ မိုင်ဘက်ကနေ လက်နက်ကြီးတွေ ၁၀ ကြိမ်ထက်မနည်း ပစ်ကူနေတာကြောင့် ကျောင်းသား/သူ တွေရဲ့ မိဘတွေက ထိတ်လန့်စိုးရိမ်နေတာကြောင့် ကလေးတွေကို ကျောင်းလာကြိုနေကြတယ်” လို့ ပြောပါတယ်။

ဒီမနက် ၁၁ နာရီ ဝန်းကျင်မှာလည်း မူဆယ်ရဲစခန်းမှာ ဗုံး ၁ လုံး ပေါက်ကွဲတယ်လို့ ကြားရပြီး အဲဒီ ရဲစခန်းနားက လမ်းပေါ် မှာ ကားတွေကျပ်နေတယ်လို့ ဒေသခံအမျိုးသမီး ၁ ဦးက ပြောပါတယ်။

“အခုက ကျမတို့အိမ်နဲ့ နည်းနည်း ဝေးတယ်။ နေရာ အတိအကျ မသိသေးဘူး။ တနေ့ည ကတော့ စရဖ ရုံးနား ၂ လုံး ပေါက်တယ်။ လက်နက်စတွေတောင် စင်လာလို့ ကြောက်လို့ ပုန်းနေခဲ့ရသေးတယ်”လို့ သူက ပြောပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက လက်နက်ကြီးတွေ ပစ်ခတ်နေတာရှိပြီး ဘယ်အဖွဲ့ကပစ်တယ်ဆိုတာကိုတော့ မသိဘူးလို့ နောက်ထပ် ဒေသခံ ၁ ဦးကလည်း ပြောပါတယ်။

“၁၀၅ မိုင်မှာ လည်း လာချတယ်။ လက်နက်ကြီး ပစ်ပစ်လာတဲ့ နေရာဘက် လာချတာ”လို့ သူကပြောပါတယ်။

မူဆယ်မြို့နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တပ်နဲ့ TNLA တို့ ဇူလိုင် ၂၃ ရက်ကစ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားကာ နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူနေအိမ်တွေနဲ့ လက်နက်ကြီး ထိမှန်သူတွေရှိနေပြီး သေဆုံးသူတွေရှိသလို ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

Photo Crd – CJ
#voiceofmyanmar #VOM #မူဆယ်-နမ့်ခမ်းကြား #ထိတွေ့တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW