ပြီးခဲ့တဲ့ ၆ လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေးဥပဒေအရ လူပေါင်း ၁၈၀ ကို အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ပြစ်ဒဏ်ပေးခဲ့

သြဂုတ် ၃-၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အပါအဝင် ချင်းပြည်နယ်ထဲတွေက လူပေါင်း ၁၈၀ ကို စစ်အုပ်ချုပ်ရေး (Martial Law)ဥပဒေအရ အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေး အမိန့်ချခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

“၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ၆ လအတွင်းမှာ စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law)အရ လူပေါင်း ၁၈၀ ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က)တွေနဲ့ ၆ လအတွင်း အပြစ်ပေး အရေးယူတာတွေ ရှိတယ် ၊ အနိမ့်ဆုံး အပြစ်ဒဏ်က အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်ကနေ ၇ နှစ် ၁၀ နှစ်တွေဖြစ်တယ် ၊ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ အလုပ်နဲ့ ထောင်တသက် လွတ်ရက်မရှိ အပါအဝင် တသက်တကျွန်းပြစ်ဒဏ်တွေ ပါဝင်တယ်”လို့ စစ်ကိုင်းတိုင်းအခြေစိုက် တရားလွှတ်တော်ရှေ့နေတယောက်က VOM ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်မှာနေထိုင်ပြီး စစ်အုပ်ချုပ်ရေးဥပဒေ (Martial Law)အရ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချခံရသူရဲ့ မိသားစုဝင် တယောက်က ” ရွာမှာက အများနည်းတူ လိုက်မလုပ်ဘူးဆိုရင် မိသားစုလိုက် အန္တရာယ်ရှိတယ် ၊ အဲ့ဒါကြောင့် မိသားစုဘဝရပ်တည်ရေးအတွက် မဖြစ်မနေ အများနည်းတူ လိုက်လုပ်ရတယ် ၊ အဖမ်းခံရတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က)အရ အရေးယူ အပြစ်ပေးခံရတယ် ၊ အရေးယူ အပြစ်ပေးခံရတဲ့ ဥပဒေ ပုဒ်မ အမျိုးအစားချင်း အတူတူ စစ်အုပ်ချုပ်ရေးနယ်မြေတွေက ပြစ်ဒဏ်ပိုများတယ် ၊ အဲ့ဒီပုဒ်မတွေက စစ်အုပ်ချုပ်ရေး နယ်မြေမဟုတ်တဲ့ မြို့နယ်တွေမှာဆို ၄ နှစ်တို့ ၊ ၇ နှစ်တို့၊ အလွန်ဆုံး ၁၀ နှစ်ပဲကျတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာ သတ်မှတ်ခံရတဲ့ မြို့နယ်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း ” အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တွေအရ အရေးယူခံရသူအများစုဟာ မြို့ခံ ၊ နယ်ခံ ၊ ဒေသခံတွေ မဟုတ်ကြဘူး ၊ တခြား ဒေသ တခြားမြို့နယ်တွေဘက်က လာလုပ်ကြသူတွေများတယ် ၊ အဲ့ဒါကြောင့် နယ်ခံတွေပါ နစ်နာကြတယ် ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တွေအရ အရေးယူခံရရင် ခံရတဲ့သူအဖို့ အကျဥ်းသား အခွင့်အရေးတွေပါ ဆုံရှုံးနိုင်တဲ့ အဖြစ်မျိုး ဖြစ်သွားနိုင်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကိုင်းတိုင်းရှိ အင်းတော် ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ ကောလင်း ၊ ကန့်ဘလူ ၊ တန့်ဆည် ၊ ရေဦး ၊ ခင်ဦး ၊ ရွှေဘို ၊ ယင်းမာပင် ၊ ပုလဲ ၊ မြောင် ၊ အရာတော် စတဲ့မြို့နယ်တွေအပြင် မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြိုင် ၊ ပေါက် နဲ့ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါ ၊ ထီးလင်း ၊ ဆောမြို့နယ်များ အပါအဝင် ချင်းပြည်နယ်တွေက မြို့နယ်တွေပါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး အမိန့်တွေကို စတင်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #မကွေး #ချင်းပြည်နယ် #စစ်အုပ်ချုပ်ရေး #နှစ်ရှည်ထောင်ဒဏ်ချမှု

Related posts

Leave a Comment

VOM News

FREE
VIEW