ဘီးလင်းမှာ ရေကြီးရေလျှံဖြစ်လို့ ကျေးရွာ ၁၅ ခုက လူ ၆ဝဝ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းနေရ

သြဂုတ်၊ ၃ -၂၀၂၃
MM(VOM)

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်မှာ ရုတ်တရက်မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှဖြစ်နေလို့ ရပ်ကွက်နဲ့ကျေးရွာ ၁၅ ခုထက်မနည်း ရေနစ်မြုပ်နေပြီး လူပေါင်း ၆ဝဝ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရတယ်လို့ ကူညီကယ်
ဆယ်ရေးလုပ်နေတဲ့သူတွေဆီကနေ သိရပါတယ်။

”၃ ရက်နေ့မနက်အထိ လူ ၆၀၀ နီးပါးလောက်ဘေးလွတ်ရာ ရွှေ့ပေးထားရတယ်၊မြစ်ကမ်းတလျှောက် ရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်း ရွာတွေမှာရှိတဲ့ နေအိမ်တွေ ရေကြီးတဲ့ဒဏ် အဆိုးဆုံးခံနေရတယ်။”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။

ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်ကနေ အဆက်မပြတ်ရွာနေတဲ့ မိုးဒဏ်နဲ့ တောင်ကျရေတွေ ကျဆင်းကာ မြစ်ရေတွေ ရုတ်တရက်မြင့်တက်နေတာဖြစ်ပြီး လက်ရှိ အလူးလေးကျေးရွာ၊ ရွှေလှေကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ ဒုံဝန်းကျေးရွာနဲ့ ကန်သာယာ၊ ဆရာစံ၊ ဘိုးလှကြီးစတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုဒဏ် အဆိုးဆုံးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

”ပင်လယ်ရေတက်နေတဲ့ ရက်မှာ မိုးက အဆက်မပြတ် ရက်ဆက်ရွာနေလို့ ရေတွေအကုန်ဆုံပြီး ရေက တရိပ်ရိပ် တက်လာတာ၊ အခုလိုပဲ မိုးဆက်ရွာနေရင် ရေက အခုထက် ထပ်တက်လာဦးမှာ၊အရင်က ရေကြီးဖူးတယ်၊အခုလောက် မဆိုးဘူး။”လို့ ကယ်ဆယ်ရေး စခန်းမှာရောက်နေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီ ရေဘေးသင့်သူတွေကို ဒေသခံ ပရဟိတ လူမှုကူညီရေးအဖွဲ့တွေ ၊မီးသတ်တပ်ဖွဲ့တွေ ၊ အခြားတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ပူးပေါင်း ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘီးလင်းမြို့ပေါ်မှာ လတ်တလောအနေနဲ့ ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်ထားပြီး ကျေးရွာတွေ ဘက်မှာတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

မနေ့သြဂုတ် ၂ ရက်က မနက်ပိုင်း ၇ နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာ အထက် ပေဝက်ခန့် ကျော်လွန်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဘီးလင်းမြစ်ရေမှာ ဩဂုတ် ၃ ရက် ဒီနေ့မှာတော့ (၁)ပေခန့်အထိ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဘီဘင်း
#ရေကြီးရေလျှံမှု

Related posts

Leave a Comment

VOM News

FREE
VIEW